စစ်ရှောင်ပြည်သူများပိတ်မိနေသည့် ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၂ ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေကြောင်းမှ အကြိမ်လေးဆယ်ထက်မနည်းပစ်ခတ်ခဲ့သောကြောင့် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်စခန်း အင်လုံခစခန်းကို KIA ပူးပေါင်းတပ်က တပ်ဆုတ်ခဲ့ပြီးနောက် ယနေ့ နံနက်တွင် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်သတင်းအရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ လေယာဉ်တစ်စီးပစ်နိုင်လိုက်တဲ့နေ့ ဆုတ်ခွာခဲ့ပြီး အခုတစ်ခေါက်ထိုးစစ်ပြန်ဆင်နေတာ။ ဒီနေ့တိုက်ပွဲပြင်းထန်နေတယ် မနက်ငါးနာရီလောက်ကနေစထိတွေ့မှုဖြစ်တာ။ ကျွန်တော်တို့ အထိုင်ချတာ မဟုတ်ဘူး။ ပြန်ပစ်လိုက်၊ ပြန်ဆုတ်လိုက်ပဲလုပ်ထားတယ်။ အောင်မြေ ၁ စခန်းမှာ ပြည်သူ့စစ်တွေ ပြန်ထိုင်တာဟုတ်တယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်ခြင်းမရှိသော်လည်း ကျေးရွာအထက်တွင် ပျံဝဲနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီဘက်မှာကိုထုနေတာ။ ဘယ်နေရာကျတယ်ဆိုတာတော့ မှန်းလို့မရဘူး။ ထွက်မကြည့်ရဲတာလေး အပြင်ကိုလည်း။ အခုမနက်ခင်းကတည်းကဖြစ်နေတာပဲ အခုချိန်ထိအပေါ်မှာဝဲတုန်း။ ထိတွေ့သဘောမျိုးပဲ (လက်နက်ငယ်)သံတွေရောကြားရတာကိုး။ ဝဲတာတော့ရွာပေါ်မှာဝဲနေတာ” ဟုဆိုသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းတွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည့် မတ်လ ၇ ရက်နေ့မှစတင်ကာ ဒေသခံပြည်သူများ ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး တစ်ပါတ်ခန့်ကြာမြင့်လာသောကြောင့် ဆေးဝါးပြတ်လတ်မှုများလည်းရှိကြောင်း သူကဆက်ပြောသည်။

“တစ်ရွာလုံး ဘုန်းကြီးကျောင်းထဲမှာ နေနေကြတယ်။ ဆေးကတော့ သောက်ဆေးပဲရတော့တယ် ထိုးဆေးက မရနိုင်တော့ဘူး။ ဒီမှာ သွားဝယ်လို့မရဘူးလေ ရွာက ပိတ်ထားတာကိုး ကူညီဖို့အတွက်တော့ အမျိုးမျိုးလှုပ်ရှားနေကြပါတယ်။ ဒီကနေ့တော့ ရမလားမသိသေးဘူး” ဟုဆိုသည်။

တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ်အတွင်း ပိတ်မိနေသည့် ပြည်သူ တစ်ထောင်ခန့်ရှိနေဆဲဖြစ်ပြီး ဘာသာရေးအဖွဲ့အစည်းများကလည်း ကူညီကယ်ထုတ်နိုင်ရန်ကြိုးစားနေကြသည်။

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာ၊ ကဇူး၊ ဒဘတ်ကျေးရွာနှင့် အောင်မြေ (၁) ကျေးရွာတို့မှ ထွက်ပြေးတိမ်းရှောင်လာသူ ၆၀၀ ခန့်ကို ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ သွားရောက်ကယ်ထုတ်ခဲ့သော်လည်း  ကျန်ရှိသူများမှာ ပိတ်မိနေဆဲဖြစ်သည်။

အောင်မြေ ၁ ကျေးရွာရှိ ပြည်သူ့စစ်တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် KIA ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့ ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း – Dureng ,Thu Ta

ပုံ – စစ်ကောင်စီတိုက်လေယာဉ်တစ်စီးကိုတွေ့ရစဉ်။ (Photo – AP)

သင့်ထင်မြင်ချက်ရေးပေးပါ