ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ မနကျေးရွာတွင် ယမန်နေ့က နွံကန်ပေါက်ကျစဉ် ပျောက်ဆုံးနေသူ ၁၅ ဦးထက်မနည်းရှိသော်လည်း ရှာဖွေမှုဆက်လုပ်ရန် အခက်အခဲများရှိနေကြောင်း သိရသည်။

ပေါက်ကျသည့်ကန်မှရွှံ့နွံများဖြစ်နေသည်အပြင် ယင်းနေရာ၏အထက်တွင်ရှိသော အခြားနွံကန်ထပ်မံပေါက်ကျလာမည်ကို စိုးရိမ်သောကြောင့် ရှာဖွေရန် ခက်ခဲနေခြင်းဖြစ်သည်ဟု ဖားကန့်မြို့ လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်အချိန်မှစရှာမယ်ဆိုတာ မသိသေးဘူး။ ရှာဖို့ခက်လိမ့်မယ် အခုမပေါက်သေးတဲ့နွံကန်က အပေါ်ဘက်ကျတယ်။ အဲ့ဒါပြန်ပေါက်ကျခဲ့ရင်လည်း မလွယ်ဘူး အကုန်ပါသွားမှာ ရှာဖွေမှုက လုံးဝနားထားတဲ့အနေအထားမှာ ရှိတယ်” ဟုပြောသည်။

ကျောက်စိမ်းကုမ္ပဏီကလည်း နွံအတွင်းနစ်နေသည့် ဟဘ်ဟိုးကားများနှင့် မြေစာသယ်ကားများကို ဆယ်ယူခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိစာရင်းအရ ပျောက်ဆုံးနေသူ ၁၅ ဦးထက်မနည်းရှိပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နွံကန်အနီးနေထိုင်သည့် ကုမ္ပဏီဝန်ထမ်းများကိုလည်း အခြားနေရာသို့ပြောင်းရွှေ့ခိုင်းထားကြောင်း ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။

“အခုကုမ္ပဏီမှာကျန်နေတဲ့ လူစာရင်းတိုက်နေတာ။ အခုကျန်တဲ့ နွံကန်တစ်ကန်က အိပ်တဲ့အဆောင်နဲ့ နီးတယ်။ အခုလူကြီးတွေက အဲ့နားဘယ်သူမှပေးမသွားဘူး လမ်းပိတ်ထားတယ်။ ပျောက်တဲ့စာရင်းထဲဘယ်သူတွေပါလဲ တိတိကျကျကို ပေးမသိဘူး” ဟုပြောသည်။

နွံကန်ပြိုကျမှုတွင် သေဆုံးခဲ့သည့် အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ကိုမျိုးညွှန့်၏ ရုပ်အလောင်းကို ပြန်လည်ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မိုင်းသမားလေးဦးကို ဖားကန့်မြို့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ထို့အပြင် ဘတ်ဟိုး ၁၀ စီးနှင့် မြေစာသယ်ကားအစီးရေ ၂၀ ခန့်လည်း ပါသွားကြောင်း သိရသည်။

အဆိုပါကန်မှာ ဒေသအခေါ် ကိုချိုလုပ်ကွက်အတွင်းရှိ နွံကန်ငယ်တစ်ခုဖြစ်ပြီး ယမန်နေ့ နံနက် ၁ နာရီခန့်က ပြိုကျခဲ့ခြင်းဖြစ်သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ