တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ည ၉ နာရီခွဲဝန်းကျင်တွင် ဟိုပင်မြို့အတွင်း လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်သံများကြားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဟိုပင်မြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) ၄၀ မှ နန့်ရင်းကျေးရွာသို့ လက်နက်ကြီး ၁၀ ကြိမ်ထပ်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ပြီး သေနတ်ပစ်ဖောက်မှုများလည်းရှိခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကို‌ ပြောသည်။

“သူတို့ဖာသူတို့ ကြောက်ပြီး လျှောက်ရမ်းပစ်ကြတာပါ။ မြေကြီးတောင်တုန်တယ်။ သေနတ်လည်း သူတို့ဘက်ကပဲ ရမ်းပြီးပစ်ဖောက်နေတာ။ ကျွန်မတို့ ပြည်သူတွေကပဲ ကြောက်လန့်နေရတာ အရမ်းကြောက်ပါတယ်” ဟု ပြောသည်။

ယနေ့ နံနက် ၃ နာရီခန့်ကလည်း သေနတ်ပစ်ဖောက်သံများ ကြားခဲ့ရကြောင်း သိရသည်။

နန့်ရင်းကျေးရွာမှ ဒေသခံပြည်သူအချို့မှာလည်း ယခုရက်ပိုင်း ဟိုပင်မြို့သို့ ပြောင်းရွှေ့နေကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“နန့်ရင်းဘက်ကို ရမ်းပစ်တာ ရွာဘက်ကသူတွေ အခုတလော ဟိုပင်ဘက်ကို ပစ္စည်းတွေသယ်နေကြတာ နေ့တိုင်းတွေ့နေတယ်။ ကားရှိတဲ့သူတွေကားနဲ့တင် ဆိုင်ကယ်ရှိတဲ့သူတွေ ဆိုင်ကယ်နဲ့တင် လုပ်နေကြတယ်။ ဟိုတလောက (စကစ)သုံးယောက်သေပြီး ပြန်လာကြတဲ့ နောက်ပိုင်း ဒီရက်ပိုင်းအတွင်း တိုက်ပွဲတော့ မဖြစ်ဘူး” ဟုပြောသည်။

ယခုရက်ပိုင်း ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေသောကြောင့် တိုက်ပွဲပြင်းထန်လာမည်နှင့် လက်နက်ကြီးရန်ကို စိုးရိမ်နေကြကြောင်း သိရသည်။

မိုးညှင်းမြို့နယ်၊ နန့်ရင်းကျေးရွာအနီးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်။

သတင်း – Zami

ပုံ – လက်နက်ကြီးပစ်ခတ်နေသည့် စစ်ကောင်စီတပ်သားများကိုတွေ့ရစဉ်။(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ