စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နှစ်ရက်အတွင်း ဗန်းမော်မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ကလေးသူငယ်များအပါအဝင် ၁၂ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။

ဗန်းမော်မြို့ ဧရာဝတီမြစ်အနောက်ဖက်ကမ်းရှိ ကျွန်းကြီးကျေးရွာသို့ ယမန်နေ့ မွန်းလွှဲ ၁ နာရီခွဲခန့်တွင် စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဆယ်နှစ်အောက် ကလေးငယ်သုံးဦးနှင့် မိခင်နှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“လက်နက်ကြီးပစ်တဲ့အချိန် သူတို့ကအိမ်အောက်ကွပ်ပျစ်မှာထိုင်နေကြတာ။ အဲဒီလောက်ကြီးဖြစ်မယ် မထင်ကြဘူးပေါ့။ သူတို့ကကွပ်ပျစ်မှာထိုင်တော့ အိမ်ရှေ့ပေါ့်နော် ကပ်ရက်ဘေးတံစက်မြိတ်ကနေကျတာ ဒလက်ပါတဲ့ဗုံးမျိုးလေး ကွပ်ပျစ်ကိုမှန်တာ။ ခေါင်းတွေပဲ မှန်ပြီးတော့ ဦးနှောက်တွေပွင့်ထွက်ကုန်တာ။ သားအမိတွဲသုံးယောက်က ပွဲချင်းပြီးပါ့” ဟုဆိုသည်။

သေဆုံးခဲ့သည့် ကလေးငယ်များမှာ အသက် ၆ နှစ်အောက်ကလေးငယ်များဖြစ်ပြီး မိခင်နှစ်ဦးမှာ အသက် ၃၀ ဝန်းကျင်အရွယ်များဖြစ်ကြောင်းသိရသည်။

ကျွန်းကြီးကျေးရွာ၊ မိုးလွဲချောင်းတစ်ဖက်ကမ်းရှိ ကောင်းစင့်ကျေးရွာတွင်လည်း မတ်လ ၁၁ ရက်နေ့ည ၈ နာရီခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် အမျိုးသမီးငယ်တစ်ဦးနှင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း ဗန်းမော်မြို့ခံအမျိုးသားတစ်ဦးကဆိုသည်။

“မနေ့ညတုန်းကဆိုရင် ဒရုန်းကမြို့ထဲပတ်တော့ အဲဒါကိုလှမ်းပစ်ကြတာ။ သေနတ်ကိုမှအချက်လေး၊ ငါးဆယ် တစ်ပြိုင်တည်းပစ်တာ။ ပြီးတော့လက်နက်ကြီးတွေနဲ့ထုတော့ ကောင်းစင့်ရွာမှာသွားကျတာ။ အမျိုးသမီးတစ်ဦး ရယ် ကလေးငယ်တစ်ဦးရယ်သေသွားတာ”  ဟုဆိုသည်။

ထို့အပြင် ဗန်းမော် – မြစ်ကြီးနားကားလမ်းပေါ်ရှိ တာလီကျေးရွာမှ နှင်းအီကျေးရွာသို့ စစ်ရှောင်ရန်သွားသည့် ဒေသခံများကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် မတ်လ ၁၁ ရက်နေ့ မွန်းလွှဲပိုင်းအချိန်က တစ်နေရာတည်းတွင်ရှိနေသည့် ဆယ်ကျော်သက်အရွယ် မိန်းကလေးသုံးဦး သေဆုံးခဲ့ကြောင်း မြို့သစ်ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မြို့ထဲကပစ်တဲ့လက်နက်ကြီးတွေက သွားသွားထိတော့ သူတို့လည်းရှောင်ကြတာပေါ့။ မန်နောင်ကျေးရွာကနေ တက်သွားတဲ့ စစ်ကြောင်းသွားနေတာကို ကုန်းလောဘက်ကတပ်တွေ ဒီမြို့တွင်းတပ်တွေက လက်နက်ကြီး လှမ်းကူတာပေါ့။ သူတို့ကလည်း စစ်ရှောင်တာကို မန်နောင်ဘက်ရှောင်တော့ (စစ်ကောင်စီ) စစ်ကြောင်းနဲ့ သွားတိုးတော့ပြန်ခေါက်လာတာ။ တွေ့ပြီးမှခေါက်ရကောင်းမလားဆိုပြီးမှ လက်နက်ကြီးနဲ့ လှမ်းထုတာ ပွဲချင်းပြီးသေတာ ကျန်တဲ့ဟာတွေတော့ အနည်းအကျဉ်းထိတာရှိတယ်” ဟုဆိုသည်။

သေဆုံးသွားသည့်မိန်းကလေးသုံးဦးမှာ အသက် ၁၅ နှစ်အရွယ် မနန်းရင်၊ အသက် ၁၆ နှစ်အရွယ် မခမ်းစီနှင့် အသက် ၁၉ နှစ်အရွယ် မလောမိုင်တို့ဖြစ်ကြောင်း သိရသည်။

ထို့နေ့တစ်ရက်တည်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်  စီကော်ကျေးရွာရှိ အသက် ၅၀ ကျော်အရွယ် လင်မယားနှစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး နောင်ကွမ်ကျေးရွာမှ အမျိုးသားတစ်ဦး မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့ရသည်။

နောင်လိုက်ရွာအထွက်တွင်လည်း ဆိုင်ကယ်မောင်းနင်ကာ စစ်ဘေးတိမ်းရှောင်လာသည့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ကြောင်းသိရသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က စတင်ကထိုးစစ်ဆင်တိုက်ခိုက် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစတင်ကာ စစ်ကောင်စီက နေ့စဉ် လက်နက်ကြီးများနှင့််ရမ်းသမ်းပစ်ခတ်နေကြောင်း အခြားဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“လက်နက်ကြီးကလည်း မကုန်နိုင်သေးဘူးလား မသိဘူး တစ်ရက်ကို အချက် ၂၀ လောက် အနည်းဆုံး ပစ်နေတယ် တစ်ပတ်လောက်ရှိပြီ ပစ်နေတာ” ဟုဆိုသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်း ပစ်ခတ်ခဲ့သည့် လက်နက်ကြီးထိမှန်ခဲ့သောကြောင့် ဗန်းမော်မြို့ ဧရာဝတီမြစ်အနောက်ဖက်ကမ်း စင့်ကင်ကျေးရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

သတင်း – Thu Ta

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ