ဖားကန့်မြို့နယ် တာမခန်ခြေမြန်တပ်ရင်း ခ.မ.ရ (၁၁၉)မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့နံနက် ၁၁ နာရီချိန်က မှော်ရှန်ရွာအဝင်တွင် KIA ပူးပေါင်းတပ်နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

မှော်ရှန်ကျေးရွာရှိ ဆုတောင်းတောင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပုန်းခိုနေချိန် KIA နှင့် KPDF ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဗိုလ်မှူးတစ်ယောက်နဲ့ သူတပည့်သေပြီး ကျန်တဲ့ ၁၄ ယောက်ကိုတော့အရှင်ဖမ်းမိထားတယ်တဲ့။ သေတဲ့ သူက တာမခန်ကိုစစ်ကူလာပေးတဲ့တစ်ယောက်သေတာ။ တာမခန်က မဟုတ်သေးဘူး” ဟု ပြောသည်။

သေဆုံးခဲ့သော စစ်ကောင်စီဗိုလ်မှူးမှာ မည်သူဖြစ်ကြောင်းမသိရှိရသေးပါ။

ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KPDF တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းကို အခြားသော KIA သတင်းရင်းမြစ်တစ်ဦးကဆက်ပြောသည်။

“အရှင်ဖမ်းမိတဲ့သူတွေကိုလည်း ဖမ်းခေါ်သွားပြီ၊ များတော့များတယ်။ နမ့်မှော်ရွာမှာ ပုန်းနေကြတာလေ၊ အရပ်ကားနဲ့ပဲထွက်လာကြတာကို ဖမ်းပြီး ခေါ်သွားပြီ။ PDF ကလေးတွေ ဖမ်းမိတာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းတွေဆိုပြီး ဖမ်းခေါ်သွားပြီ” ဟု ပြောသည်။

မှော်ရှန်(Seng Ngai) ဆုတောင်းတောင်တွင် ပုန်းခိုနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA ပူးပေါင်းတပ်တို့ကြား တစ်နာရီကြာ နှစ်ဖတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ကျေးရွာရပ်မိရပ်ဖတစ်ဦးကဆက်ပြောသည်။

“တစ်နာရီကြာတယ် ပစ်နေကြတာ။ အဲ့နောက်တော့ ဆုတောင်းတောင်မှာ ပုန်းနေကြတဲ့ စစ်ကောင်စီတပ်သားတွေဖမ်းခံရပြီး သေတဲ့သူတွေလည်းပါတယ်ဆိုတာအမှန်ပဲ။ ကျွန်တော်တို့က အရပ်သားဆိုတော့ သွားတော့မကြည့်ဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သေနတ် ၁၃ လက် သိမ်းဆည်ရရှိထားကြောင်းသိရသည်။

KIA ပူးပေါင်းတပ်၏တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က တာမခန်အခြေစိုက် ခြေမြန်တပ်ရင်း (ခ.မ.ရ) ၁၁၉ စခန်းကုန်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်များစွန့်ပစ်ကာ ထွက်ပြေးသွားခဲ့သည်။

သတင်း – Zami, Pan soon

ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ