ဒေသခံပြည်သူများကန့်ကွက်နေသော်လည်း မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ငါးရင်းနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ဦးဆောင်ကာ ရွှေအလွန်အကျွံတူးဖော်မှုများ ပြုလုပ်နေကြောင်း သိရသည်။

မင်းကင်းမြို့နယ် ကပြစ်ကျေးရွာအနီးရှိ ကျွန်းစိုက်ပျိုးမြေများထိခိုက်ပျက်စီးသွားမည်ကိုစိုးရိမ်သဖြင့် ဒေသခံပြည်သူများက ကန့်ကွက်သော်လည်း ဆက်လက်တူးဖော်နေခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဒေသခံတွေရဲ့ အကျိုးစီးပွားကို ထိခိုက်လာနေတဲ့ ရွှေမျှောလုပ်ငန်းကို ဒေသခံတွေအနေနဲ့ တော်လှန်ရေးကို ရှေးရှုပြီးသဘောတူညီထားတာကို ခရိုနီဆန်ဆန်လုပ်လာတယ်။ ကျွန်းရဲ့ ဧရိယာ ပျက်စီးသွားရင် ရွာကလုပ်တဲ့ သီးနှံတွေထိခိုက်နိုင်တယ်။ ဒါကြောင့် အဲ့ကျွန်းကြီးမပြိုကျဖို့အရေး ပြည်သူလူထုက တစ်ခဲနက်ကိုမှတောင်းဆိုနေကြတာပေါ့။ လူထုကန့်ကွက်နေတာကို သူတို့ဆက်မောင်းနေတုန်းပဲ” ဟုပြောသည်။

ဒေသအခေါ် ကပြစ်ကျွန်းနှင့်‌ပေ ၆၀ အကွာတွင် မောင်းရန် နားလည်မှုယူခဲ့ကြသော်လည်း လက်ရှိအချိန်တွင် ပေ ၆၀ အတွင်းသို့ဝင်ရောက်လာခြင်းဖြစ်ပြီး ရွှေဆိုင်း တစ်ရာကျော်ခန့်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ရွှေတူးဖော်မှုကို ကန့်ကွက်သောကြောင့်ဟုဆိုကာ ဖမ်းဆီးခံရသူများရှိသော်လည်း ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ကလည်း ထပ်မံကန့်ကွက်ဆန္ဒပြမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“ကန့်ကွက်ကြောင်း ဆန္ဒပြတာတော့ ကျွန်တော်တို့ရွာသားတွေတော့ အကြိမ်ကြိမ်အခါခါလုပ်ပြီးသွားပြီ။ မတ်လ တစ်ရက်နေ့ကလည်း အကြီးဆုံးအနေနဲ့ နောက်ဆုံးတစ်ခေါက်လုပ်ပြီးပြီ။ သူတို့ကိုကန့်ကွက်လို့ဆိုပြီး ဖမ်းထားတဲ့သူလည်း သုံး၊ လေးယောက်တော့ရှိပြီ” ဟုပြောသည်။

ဒေသခံများက ငြိမ်းချမ်းစွာဆန္ဒပြနေချိန်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ချိန်ရွယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ရွှေတူးဖော်မှုကို မြို့နယ်တပ်ရင်းငါးရင်းနှင့် ပကဖ၊ ပအဖများအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေခြင်းမျိုးမရှိဘဲ ရွှေတူးဖော်သောလုပ်ငန်းများကို ငွေကြေးကောက်ခံခြင်းများသာ လုပ်ဆောင်နေကြောင်း မြို့နယ်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အဲ့ရွှေမျော်ကိစ္စကတော့ မင်းကင်းဘက်မှာသာမက တစ်ခြားမြို့နယ်ဘက်မှာတွေလည်း လိုအပ်ချက်များအရ ပြီးတော့ရွှေမျောတွေ နည်းပါးသွားအောင် လျော့ပါးသွားအောင် ဒဏ်ကြေးအနေနဲ့ အခွန်တွေကောက်တာရှိပါတယ်။ မြို့နယ်ရင်းငါးရင်းနဲ့ ပကဖတွေ တိုက်ရိုက်လုပ်တာမျိုးတော့မရှိဘူး၊ အခွန်ကောက်ခံတဲ့ အဖွဲ့ပဲရှိတယ်၊ အဲ့နားမှာ လက်နက်ကိုင်ပြီး စီးပွားရေးလုပ်တဲ့အဖွဲ့လည်းမရှိပါဘူး။ အခုလည်းအဲ့လို ကိစ္စတွေဖြစ်လို့ ကျေးရွာတွေနဲ့ ညှိပြီးမောင်းပါလို့ လောလောဆယ်တော့ လုံးဝကိုပိတ်ထားပါတယ် မနေ့ကစ ပိတ်တာပေါ့” ဟုပြောသည်။

စစ်ကိုင်းတိုင်းတွင် မင်းကင်းမြို့နယ်သည် ပျုကျေးရွာအများဆုံးဖြစ်ပြီး မင်းကင်းမြို့ကို တိုက်နိုင်ရန်အတွက် ပျူကျေးရွာ ၃၈ ရွာခန့်ကိုတိုက်ရမည်ဖြစ်ပြီး ရွှေမျောမှ ကောက်ခံရရှိသော ငွေများဖြင့် လက်နက်ဖြည့်တင်ရန်အတွက်ပြုလုပ်နေကြောင်းသူကပြောသည်။

ကပြစ်ကျေးရွာသည် သင်္ဘောကျေးရွာအုပ်စုတွင်ပါဝင်ကာ ၂၀၁၄ သန်းခေါင်းစာရင်းအရ အဆိုပါကျေးရွာအုပ်စုတွင် အိမ်ခြေနှစ်ရာ့လေးဆယ်ခန့်ရှိပြီး လူဦးရေ တစ်ထောင်နှစ်ရာခန့်က စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သောကျေးရွာဖြစ်သည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ