စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူသားဒိုင်းကာဖြင့် ပိတ်ဆို့ထားသည့် ဝိုင်းမော်မြို့နယ် အောင်မြေ(၂) ကျေးရွာမှ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး ယနေ့ ညနေ ၆ နာရီခန့်တွင် သေဆုံးသွားကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည့် အောင်မြေ(၂) ကျေးရွာတွင် လူသားဒိုင်းကာအဖြင့် ဘုန်းကြီးကျောင်းတွင် ပိတ်မိနေစဉ် အသက်ရှူကြပ်ကာ သေဆုံးသွားခြင်းဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“ခဏလေးကပဲ ဆုံးသွားတာဗျ။ ဒီမှာက လူလည်းများပြီး အဆောင်သုံးဆောင်ခွဲထားကြတာ အဖွားနေတဲ့အဆောင်က အဆောင်နံပါတ် ၃၊ လူပိုများတဲ့အဆောင်ဟုတ်တယ်။ အသက်ရှူကြပ်ပြီးဆုံးတာ။ အရင်ကတည်း က ကျန်းမာရေးမကောင်းတဲ့အပြင် ထိပ်လန့်ပြီး စိတ်ပိုင်းဆိုင်ထိခိုက်တာတွေလည်းရှိတဲ့ကြား ဒီမှာလူကများ၊ ပူလည်းပူ၊ တခြား အရာအားလုံးကအဆင်မပြေတော့ အသက်ကြီးတဲ့သူဆိုတော့ မခံနိုင်ဘူးလေ” ဟု ‌ပြောသည်။

သေဆုံးသွားသော အဘွားအိုသည် အသက် (၈၇) နှစ်အရွယ်ဖြစ်ပြီး ယမန်နေ့ညက နေအိမ်ပြန်လိုကြောင်း၊ မသေဆုံးခင် သားသမီးများနှင့် မြေးများကို တိုက်ပွဲကြားမထားခဲ့လိုကြောင်း ပြောဆိုကာ သေဆုံးသွားသည်ဟု သမီးဖြစ်သူကဆက်ပြောသည်။

“မနေ့ကတည်းက ခဏခဏ အိမ်ပြန်ချင်ပြီ၊ ငါအခုလို ဒီလိုနေရာတွေမှာ သွားလာနေလို့မရဘူး။ အိမ်ပြန်ချင် တယ်၊ ငါအိမ်မှာပဲပြန်နေချင်တယ်။ ခေါ်သွားကြပါလို့ပြောနေတာ။ ဒီညနေတော့ ထွက်သွားပြီအမေက။ သူ သေနတ်သံကြားရင်အရမ်းကြောက်ပြီး ဒီရောက်ကတည်းက လှုပ်ရှားနိုင်မှုတွေနည်းတာတာ။ သမီးတို့ကို အခုလိုစစ်ပွဲတွေကြားမှာမထားခဲ့ချင်ဘူး။ မထားခဲ့ချင်ပေမဲ့ထားခဲ့ရတော့မယ်ဆိုတဲ့ စကားကနောက်ဆုံး စကားပဲ” ဟု ပြောသည်။

ရုပ်အလောင်းကို အောင်မြေ(၂)‌ ကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်းတွင် မြေမြှုပ်နိုင်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တောင်းဆိုကာ မြှုပ်နှံခဲ့ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားသည့် ၇ ရက်အတွင်း အောင်မြေ (၂) ကျေးရွာတွင် သေဆုံးသွားသည့် သက်ကြီးရွယ်အိုအမျိုးသမီး လေးဦးရှိပြီဖြစ်ကြောင်းသိရသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ