၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်းခန့်လျော့နည်းသွားပြီး တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည်နယ်တွင် စာစစ်ဌာနသတ်မှတ်နိုင်ခြင်း မရှိကြောင်း ယမန်နေ့ စစ်ကောင်စီထုတ် သတင်းစာများတွင် ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

ကချင်ပြည်နယ်တွင် စာရင်းပေးထားသူ ၆၀၀၇ ဦးမှ ၂၆၀ မှာ ပထမရက်တွင် ဖြေဆိုရန်ပျက်ကွက်ခဲ့သောကြောင့် ယခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ အရေအတွက် ၅၇၄၇ ဦးသာရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်ဖြေဆိုသူမှာ ပြီးခဲ့သည့်နှစ် ၂၀၂၂ – ၂၀၂၃ ခုနှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူထက် ၄၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသအချို့တွင် ယခင်နှစ်များထက် စာစစ်ဌာနလျော့နည်းသွားပြီး ယမန်နှစ်က ဖြေဆိုသူဦးရေ ကိုးရာကျော်ရှိခဲ့သည့် ကရင်နီပြည်နယ်တွင် ယခုနှစ်တွင် စာစစ်ဌာနသတ်မှတ်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့ မတ်လ ၁၁ ရက်နေ့ကစတင် ဖြေဆိုနေကြခြင်းဖြစ်ပြီး လာမည့်မတ်လ ၁၉ ရက်နေ့တွင်စာမေးပွဲပြီးဆုံးမည်ဖြစ်သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုရန်စာရင်းပေးထားသူ ၁၀၃၂၇ ထဲမှ ၉၅၃၃ ဦး ဖြေဆိုခဲ့ပြီး အောင်မြင်သူဦးရေ ၇၀၅၇ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်း ၇၄.၀၃ ရာခိုင်နှုန်းရှိခဲ့သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူဦးရေ ၁၁၄၈၃ ဦး ရှိသည့်အနက် အောင်မြင်သူဦးရေ ၅၃၂၅ ဦး ရှိကာ အောင်ချက် ၄၆ ဒသမ ၃၇ ရာခိုင်နှုန်းရှိခဲ့သည်။

သတင်း – Thu Ta

ဓါတ်ပုံ – MWD

 

သင့်ထင်မြင်ချက်ရေးပေးပါ