တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားသော ကလေးမြို့နယ်၊ ကံသာယာကျေးရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီပူးပေါင်းတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အင်အား ၈၀ ခန့်ပါရှိသည့် စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့တွင် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်ဦးအရှင်ဖမ်းမိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Mediaကို ပြောသည်။

“ကလေးမြောက်ဘက်ပေါ့။ အဲ့တာကံသာယာကို သူတို့စစ်ကြောင်းထိုးလို့ ထိတွေ့ဖြစ်တာ ပျူခေါင်းဆောင်တစ်ယောက်လည်း ဖမ်းမိတယ်။ အခုလောလောဆယ်ကတော့ ကလေးဘက်တော့ ငြိမ်နေပါတယ် ထိတွေ့မှုတော့မရှိဘူး” ဟုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး လက်နက် ၂၄ လက်၊ ကျည်မျိုးစုံ ၁၂၀၀ ခန့်၊ ရှေ့ထွက်မိုင်း နှစ်လုံး၊ ကျည်အိမ် ၂၄ ခုသိမ်းဆည်းရမိခဲ့ကြောင်း အမှတ် – ၁ စစ်ဒေသက ယမန်နေ့ညက ထုတ်ပြန်ခဲ့သည်။

ကလေးမြောက်ပိုင်းဘက်ခြမ်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားသော စခန်းလေးနေရာရှိပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသော်လည်း လက်ရှိအချိန်ထိ ထိန်းချုပ်ထားနိုင်ကြောင်း ရှေ့တန်းသတင်းအရင်းမြစ်တစ်ဦးကပြောသည်။

“ကံကြီးနဲ့ ကံသာယာက ပျူရွာလေ အဲ့တာပြီးခဲ့တဲ့လက ကျွန်တော်တို့သိမ်းပိုက်ထားတော့ ပြန်လိုချင်လို့ထိုးစစ်ဆင်နေတာ။ အခုထိထိန်းထားနိုင်ဆဲပေါ့။ အခုလည်း ငြိမ်နေတယ်ဆိုတာက ထိတွေ့မဖြစ်သေးတာပဲရှိတာ တိုက်ပွဲဖြစ်လာနိုင်တဲ့အခြေအနေကပိုများနေတာ အဆင်သင့်ပြင်ထားတယ် ကျွန်တော်တို့လည်း” ဟုပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသော စစ်ကောင်စီစခန်းများမှာ ရာဇဂြိုလ်ကျေးရွာစခန်း၊ ကံသာယာကျေးရွာစခန်း၊ ကံကြီးကျေးရွာစခန်းနှင့် ရာ (၂) အကျဉ်းစခန်းတို့ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်က ကလေးမြို့နှင့် နီးသောကျေးရွာများကို နေ့စဉ်လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။

ကလေးမြို့နယ်၊ ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ