စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲထားသည့် မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီဝန်းကျင်ခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် တိုက်ပွဲဆက်လက်ပြင်းထန်လာမည်ကို ဒေသခံများစိုးရိမ်နေကြောင်းသိရသည်။

အကျဲကျေးရွာအတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA ပူးပေါင်းတပ်တို့ မိနစ် ၃၀ ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးသံများလည်း ကြားခဲ့ရကြောင်း အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ရှဒေါင်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီတွေလှုပ်ရှားလာတာကို KIA နဲ့တိုးလို့ တိုက်ပွဲဖြစ်တာ၊ လက်နက်ကြီးသံလည်းကြားရတယ်။ ဒီရှဒေါင်က သေနတ်သံလည်းကြားရတယ်။ အခုတော့ငြိမ်သွားပြီ၊ ဘာသံမှမကြားရတော့ဘူး” ဟုပြောသည်။

လက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအနီးတစ်ဝိုက်တွင် လှုပ်ရှားသွားလာနေသဖြင့် ဒေသခံပြည်သူအချို့က နီးစပ်ရာ ဘုရားကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များတွင် ၅ ယောက်တစ်စုဖြင့် စခန်းချနေထိုင်နေကြပြီး အရပ်သားပြည်သူများကို တိမ်းရှောင်ပါက နေအိမ်များကိုမီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းရှိသည်ဟု ရပ်မိရပ်ဖတစ်ဦးက ထပ်ပြောသည်။

“သူတို့က ရွာသားတွေကြားမှာနေကြတာအခုက။ တစ်ရွာလုံးကိုဖြန့်ပြီးနေကြတာ။ မလိခနားဘက်ကသူတွေကိုတော့ ခြိမ်းခြောက်ပြောဆိုတယ်တဲ့။ နင်တို့တွေ ရွာကထွက်သွားပြီး ဘယ်သူမှမရှိဘူးဆိုရင် အိမ်တွေမီးရှို့ပစ်မယ်၊ လူမရှိတဲ့အိမ်တွေသိမ်းမယ်ဆိုပြီး ပြောတာတဲ့” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း စခန်းချနေထိုင်နေကြသောကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို နီးစပ်ရာဆွေမျိုးများထံ ပို့ဆောင်ထားကြောင်း ရပ်မိရပ်ဖ အခြားတစ်ဦးက ပြောသည်။

“သူတို့တွေ ရွာထဲစဝင်လာတဲ့နေ့ရဲ့ ညနေပိုင်းကတည်းက ကလေးတွေနဲ့ အသက်ကြီးပြီဖြစ်တဲ့သူတွေကိုတော့ တခြားနေရာတွေမှာ ပြောင်းထားတာတွေလုပ်နေကြပါပြီ။ စစ်သားတွေအနေနဲ့ စစ်ဆေးတာတွေ နည်းနည်း ပါးပါးရှိပေမဲ့ အရမ်းဒုက္ခပေးတာမျိုးတွေတော့မရှိသေးဘူး အခုချိန်ထိပေါ့နော်။ တစ်ရွာလုံးတော့ ကြောက်လန့်နေကြရတာပေါ့” ဟုပြောသည်။

အဆိုပါစစ်ကြောင်စီတပ်ဖွဲ့ဝင်များမှာ အကျဲကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်က စတင်ဝင်ရောက်တပ်စွဲခဲ့ခြင်ဖြစ်သည်။

မြစ်ကြီးနားမြို့ရှိ အမှတ် (၅၀၃) နမ့်ပေါင်လေတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် KIA ပူးပေါင်းတပ်က ရှော့တိုက်ဒုံးဖြင့် မတ်လ ၇ ရက်နေ့က သွားရောက်ပစ်ခတ်ခံရပြီးနောက် မြစ်ကြီးနား – မိုးကောင်းလမ်းရှိ ရှဒေါင်ကျေးရွာအနီးနှင့် အကျဲကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်။‌

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ