ဖားကန့်မြို့ မနကျေးရွာရှိ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခု ယနေ့ နံနက် ၁ နာရီခန့်က နွံကန်ပေါက်ကျခဲ့သောကြောင့် သေဆုံးသူအများအပြားရှိကြောင်း သိရသည်။

ကိုချိုလုပ်ကွက်အတွင်းရှိ နွံကန်ငယ်တစ်ခုပေါက်ကျခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ရုပ်အလောင်းတစ်လောင်းကို ဆယ်ယူရရှိထားပြီး ပျောက်ဆုံးနေသူများရှိကြောင်း လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“လောဘလေ နွံကန်ပေါက်မယ်မှန်းသိသိနဲ့ကိုလုပ်တာပါ။ အခုလူပျောက်စာရင်းတောင်းတာလည်း မပြောပြဘူး။ လွတ်တဲ့လူတွေကလည်း ပြေးတာမြန်လို့ဟုတ်တယ်။ ကျန်သေးတယ်။ နွံဆိုတော့ ရှာရခက်တယ်။ ကားသမား စက်သမားတွေလည်း ပျောက်နေတာရှိတယ်” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ကိုမျိုးညွှန့်ဆိုသူဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိထားသည့် မိုင်းသမား ခြောက်ဦးမှ လေးဦးကိုလည်း ဖားကန့်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါနွံကန်ပေါက်ကျမှုဖြစ်စဥ်မှာ အလုပ်လုပ်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘတ်ဟိုး ၁၀ စီးနှင့် မြေစာသယ်ကားအစီးရေ ၂၀ ခန့်ပါသွားကြောင်း အမည်မဖော်လိုသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက The 74 Mediaကိုပြောသည်။

“ဒုတိယဆိုင်း အလုပ်စတဲ့အချိန် ဖြစ်သွားတာဗျ။ ကျွန်တော်သိထားရသလောက်တော့ ဒိုင်ချန်ကုတ်လိုက်လို့ ဖြစ်တာလို့ပြောနေတယ်။ ဒါတောင်ကန်သေးပဲရှိသေးတယ်။ ကန်ကြီးကိုလည်း သေချာလေး ပြန်လုပ်ပေးသင့်တယ်။ အခုတော့ ဆုံးရူံးရပြီလေ။ ကုမ္ပဏီက ဘယ်လိုတာဝန်ယူပေးမလဲ မသိရသေးဘူး” ဟုသူကပြောသည်။

ရုပ်အလောင်းတွေ့ရှိမှု၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့်ပတ်သက်သည်များကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့ မနကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ကလည်း တစ်သုံးလုံးကုမ္ပဏီလုပ်ကွက်တွင် မြေစာပြိုကျခဲ့သဖြင့် ရေမဆေးကျောက်ရှာဖွေနေသူတစ်ဦးသေဆုံးခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ