ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က သိမ်းပိုက်ထားသည့် ဝိုင်းမော်မြို့နယ်ရှိ ပြည်သူ့စစ်တပ်စခန်းကို စစ်ကောင်စီပူးပေါင်းအဖွဲ့က ယနေ့ ညပိုင်းအချိန်ထိ လေကြောင်းအသုံးပြုကာ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရသည်။

အောင်မြေ ၁ ကျေးရွာ၊ အင်လုံခတံတားရှိ ပြည်သူ့စစ်တပ်စခန်းကိုပြန်လည်ရရှိရန် စစ်ကောင်စီပူးပေါင်းအဖွဲ့က မြေပြင်စစ်ကြောင်းများအပြင် လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် တစ်နေကုန် နီးပါးထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ပွဲက အခုထိတင်းမာနေတုန်းပဲ။ စစ်ကောင်စီတွေက တစ်နေကုန်လေကြောင်းတိုက်ခိုက်နေတာ။ အဲ့ဒါ အရေအတွက်က ပြောလို့တောင်မနိုင်ဘူး။ အောင်မြေ ၁ အောင်မြေ ၂ ကို သူတို့ပြန်ရအောင် စစ်ကြောင်းအရမ်းထိုးလာတာ။ အဲ့ဒါ အခုထိ အရမ်းကိုပြင်းထန်နေတယ်။ အခုထိလည်း တိုက်နေတုန်းပဲ” ဟုပြောသည်။

လေကြောင်းမှ တိုက်လေယာဉ်ဖြင့်တိုက်ခိုက်နေသည့်အပြင် Mi 35 ရဟတ်ယာဉ်ဖြင့်လည်း အဆက်မပြတ်ပစ်ခတ်နေကြောင်း အခြားတပ်ဖွဲ့ဝင်တစ်ဦးကဆက်ပြောသည်။

“တော်တော်ကိုထုနေတာ။ ကင်းထောက်လေယာဉ်နဲ့ ဗုံးအလုံး ၄၀ ကျော်ကြဲသွားတယ်။ Mi – 35 လည်း အသားကုန်ပစ်တယ်” ဟုဆိုသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အောင်မြေ ၁ ကျေးရွာရှိ နေအိမ်များမီးလောင်ပျက်စီးခဲ့ပြီး အခြေနေအသေးစိတ်ကို မသိရှိရသေးကြောင်း ယုံကြည်ထိုက်သည့် ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

“အရမ်းလာပစ်နေတယ်။ လေယာဉ်ဗုံးကြဲလို့ ထိခိုက်ပျက်စီးပြီး အိမ်မီးလောင်တာတွေဖြစ်နေတာက Miwa lawk (တရုတ်ရပ်ကွက်) ဘက်မှာဖြစ်နေတယ်တဲ့။ ဒီနေ့လေယာဉ်လာကြဲလို့ ရွာမှာအထိအခိုက်တော်တော်လေး ရှိနေတယ်တဲ့” ဟုပြောသည်။

တိုက်ပွဲပြင်းထန်နေသော အောင်မြေ ၁ ကျေးရွာအနီးရှိ အောင်မြေ ၂ ကျေးရွာတွင် ဒေသခံများပိတ်မိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထွက်ခွာခွင့်မပြုကြောင်းသိရသည်။

အောင်မြေ ၁ ကျေးရွာရှိ ပြည်သူ့စစ်တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် KIA ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့ ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း – Thu Ta၊ Dureng

 

 

သင့်ထင်မြင်ချက်ရေးပေးပါ