ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီးရှိ ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဒုတိယအကြိမ် ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

KIA တပ်မဟာ (၉) ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ မွန်းလွှဲပိုင်းမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညနေ ၆ နာရီခန့်တွင် စခန်းစွန့်ခွာထွက်ပြေးသွားသည်ဟု တာမခန်မြို့သစ်မှလူငယ်တစ်ဦးက The 74 Media ကို ပြောသည်။

“စခန်းထဲမှာတော့ စစ်ကောင်စီတွေ မရှိတော့ဘူး။ ဆိုင်းတောင်ဘက်ကနေ ကားနဲ့ လာကြိုသွားတာ။ တာမခန်ဘက်က ဆုတ်ပြေးသွားတဲ့သူတွေက ကသိုဏ်းတောင်မှာပြန်လာစုကြတာ။ လက်နက်တွေ သိမ်းရတာတော့ မသိသေးဘူး။ ဒီနေ့နေ့လယ်လောက်က ပြန်တိုက်တာ ခြောက်နာရီကျော်ကျော်လောက်မှာ ပြန်သိမ်းနိုင်ခဲ့တာ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက စွန့်ခွာခဲ့သည့်တပ်စခန်းကို KIA ပူးပေါင်းတပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စခန်းကတော့ သိမ်းထားပြီ၊ စခန်းထဲက အခြေအနေကတော့ ပစ္စည်းတွေကတော့ သိမ်းဆည်းရမိထားပြီ၊ လူကတော့ ခုထိမတွေ့သေးဘူး။ ကသိုဏ်းတောင် ကုန်းပေါ်မှာတော့ ပစ္စည်းတွေ ရှာကြ၊ ထုတ်ကြတုန်းဗျ။ သေတဲ့အလောင်းမတွေ့သေးဘူး၊ စကစတွေတော့ စပစ်ကတည်းက ပြေးသွားကြတာ၊ လက်နက်ကြီးနဲ့ ထုပြီး ပစ်ပြီးဆုတ်သွားတာ” ဟုပြောသည်။

စခန်းစွန့်ခွာထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နမ့်မှော်ကျေးရွာရှိ ဒေသအခေါ် သံသုံးထောင်တပ်စခန်းကုန်းတွင် သွားရောက်ခိုလှုံခဲ့ပြီး အဆိုပါနေရာကိုလည်း KIA ပူးပေါင်းတပ်က တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ကလည်း ကသိုဏ်းတောင်စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

ပုံ – KIA ပူးပေါင်းတပ်က ၂၀၂၃ ခုနှစ် ဩဂုတ်လက ကသိုဏ်းတောင်စခန်းကို ပထမအကြိမ်တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်။

 

သင့်ထင်မြင်ချက်ရေးပေးပါ