လိုင်ဇာမြို့အနီးရှိ တစ်ခုတည်းကျန်သော စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

KIA ပူးပေါင်းတပ်၏ စစ်ဆင်ရေးစတင်ခဲ့သည့် မတ်လ ၇ ရက်နေ့မှလိုင်ဇာမြို့အနီးသို့ လက်နက်ကြီးပစ်ခတ်နေသည့် ဘွမ်ရယ့်ဘွမ်စခန်းကို တိုက်ခိုက်နေခြင်းဖြစ်ပြီး စခန်းသိမ်းနိုင်ရန်ကြိုးပမ်းနေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“အခုက ထိုးစစ်ဆင်တဲ့နေ့ကစတိုက်တဲ့ ဘွမ်ရယ့်ဘွမ်အဲ့တစ်ခုပဲကျန်ပြီ။ အဲ့တာပြီးရင်တော့ အားလုံးပြီးပြီ။ လိုင်ဇာနဲ့နီးတဲ့ဝန်းကျင်က အဲ့တစ်ခုပဲကျန်ပြီ။ အခုလည်းတိုက်နေတုန်းပဲ စခန်းကိုရခါနီးပြီလို့တော့ပြောတယ်” ဟုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က လိုင်ဇာမြို့အနီးရှိ လုံရောခ့်ဘွမ် (Lung Rawk Bum) နှင့် နောင်ရာဇင်ခန် (Naura Zinghkang) စစ်ကောင်စီစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၃၀ ကျော်ကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

“အဲ့စခန်းနှစ်ခု ဗျူဟာမှူးထိုင်တဲ့စခန်းဟုတ်တယ်။ အဲ့နေရာက ခယာတောင်မှာပဲ၊ စခန်းတွေက ဆက်နေတာဟုတ်တယ်။ အဲ့စခန်းက ခယာတစ်ဝိုက်မှာတော့ အင်အားအတောင့်ဆုံးလို့ပြောလို့ရတယ်။ အခုတော့သိမ်းလိုက်နိုင်ပြီ” ဟုပြောသည်။

အရှင်ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နှင့် ပတ်သက်ပြီး The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သိမ်းပိုက်ခံခဲ့ရသည့် တပ်စခန်းများမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA ပူးပေါင်းတပ်က နားလုံကျေးရွာအနီးတွင် ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစတင်ကာ သုံးရက်အတွင်း စစ်ကောင်စီတပ်စခန်းနှင့် ကာကင်းများအပါဝင် တပ်စခန်း ၂၀ ခန့်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အချို့နေရာများတွင် ဝင်ရောက်တပ်စွဲထားပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းတွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ အောင်မြေ (၁) နှင့် (၂) တို့တွင် ဒေသခံပြည်သူများ ပိတ်မိနေဆဲဖြစ်ပြီး သွားရောက်ကယ်ထုတ်ရာတွင်လည်း စစ်ရေးကြောင့် ကားများပြန်လှည့်ခဲ့ရကြောင်း သိရသည်။

လက်ရှိကချင်ပြည်နယ်တွင် ဆွမ်ပရာဘွမ်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ဝိုင်းမော်မြို့နယ် အောင်မြေ ၁ တိုက်ပွဲတွင်တွေ့ရသော KIA ပူးပေါင်းတပ်ဖွဲ့ဝင်များ။

သင့်ထင်မြင်ချက်ရေးပေးပါ