ဖားကန့်မြို့၊ ဆိပ်မူကျေးရွာတွင် နေထိုင်သည့်ဒေသခံပြည်သူ ၅၀၀ ခန့် ယနေ့ နံနက် ၁၀ နာရီခန့်မှစတင်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။

စစ်ကောင်စီတပ်စခန်းအနီးတွင် နေထိုင်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်တို့က လာရောက်ပြောဆိုသောကြောင့် ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်ဟု အသက် ၄၂ နှစ်အရွယ်ဒေသခံအမျိုးသားတစ်ဦးက The 74 Mediaကိုပြောသည်။

“အိမ်တွေသေချာသော့ခတ်ပြီး ပိတ်ထားခဲ့တယ်။ ဘေးလွတ်ရာပြောင်းပေးဖို့ တောဘက်ကလူတွေ လာပြောသွားတာ။ အဓိကတော့ စစ်တပ်စခန်းနဲ့နီးတဲ့နေရာတွေ အမြန်ရွှေ့ဖို့ပေါ့။ အခုပြောင်းသွားတဲ့သူတချို့က အသိအိမ်တွေမှာနေတဲ့သူရှိတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ အိမ်ခန်းငှားနေကြတယ်” ဟုသူကပြောသည်။

ဆိပ်မူကျေးရွာ၊ မှော်လကင်ကျေးရွာ၊ ဆိုင်းအောင်ကျေးရွာနှင့် နန့်မှော်ကျေးရွာတို့မှ ဒေသခံပြည်သူများက  လုံးခင်းကျေးရွာ၊ မှော်စီစာကျေးရွာနှင့် အေးမြသာယာသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။

ဆိပ်မူကျေးရွာတွင် လက်ရှိအချိန်အထိ နှစ်ဖက်စစ်ရေးလုပ်ရှားမှုများရှိနေသဖြင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း မှော်လကင်ကျေးရွာနေ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးကပြောသည်။

“အခုက ကသိုဏ်းတောင်ကို ပြန်သိမ်းမယ်လို့ပြောနေကြတယ်။ အပြင်ဘယ်သူမှမထွက်ရဲကြဘူး။ ရွာထဲလည်း တိတ်ဆိတ်နေတာပဲ။ ဘယ်အဖွဲတွေလည်းတော့မသိဘူး ပတ်တော့ပတ်နေတာပဲ အိမ်စီးကားတွေနဲ့။ အခုချိန်က တိုက်ပွဲဖြစ်ဖို ရာခိုင်နှုန်းပိုများတယ်” ဟုသူကပြောသည်။

ဖားကန့်မြို့ တာမခန်ကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၁၁၉) ကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊  KPDF ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့်က ကသိုဏ်းတောင်သို့ ထွက်ပြေးသွားခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ