တိုက်ပွဲဖြစ်ပွားနေသည့် မြစ်ကြီးနား – ဗန်းမော်လမ်းသို့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ လေယာဉ်တစ်စီး ယနေ့ ညနေ ၅ နာရီခန့်က မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အောင်မြေ (၁) နှင့် အောင်မြေ (၂) သို့ လေကြောင်းဖြင့်လာရောက်တိုက်ခိုက်ချိန် ပစ်ခတ်ခံခဲ့ရပြီးနောက် နမ့်ပေါင်လေတပ်သို့ ပြန်လည်ဆင်းသက်ချိန် ထိုးကျသွားကာ မီးလောင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ၏ ပြောပြချက်အရသိရသည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media သို့ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ဘက် သွားပစ်တဲ့အချိန် KIA ဘက်က ပြန်ပစ်လိုက်တာ ထိသွားတာတဲ့။ လေယာဉ်က မြေပေါ်မဆင်းနိုင်သေးခင် ထိုးကျသွားပြီး မီးလောင်သွားတာတဲ့။ အဲဒီနားက ဒေသခံတစ်ယောက် လေယာဉ်မီးလောင်နေတာ သေချာကိုတွေ့လိုက်တာတဲ့။ မော်ဖောင်းလေယာဉ်ကွင်းမှာ” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာသို့ လာရောက်ပစ်ခတ်သည့် လေယာဉ်တစ်စီးကို ပြန်လည်ပစ်ခတ်ချိန် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းရောက် KIA တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ဒီနေ့တော့ အောင်မြေ ၁ ဘက်က ကျွန်တော့်သူငယ်ချင်းတွေ ဟယ်လီကော်ပတာတစ်စီး ပစ်လိုက်တာ၊ နမ့်ပေါင် ဟယ်လီကော်ပတာကွင်းမှာ ဆင်းတောင်မဆင်းနိုင်သေးဘူး၊ ပေါက်ကွဲပြီး မီးလောင်သွားပြီတဲ့။ အောင်မြေ – ၁ က ရဲဘော်တွေ ပစ်လိုက်လို့ ပြန်လှည့်သွားတာ” ဟုပြောသည်။

မီးလောင်ပျက်စီးသွားသည့် လေယာဉ်မှာ အမျိုးအစားနှင့်ပတ်သက်ပြီး The 74 Media က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း အကြီးအငယ် ၂၀ ထက်မနည်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ