စစ်ကောင်စီတပ်က အိမ်စီးကားနှင့် ခရီးသည်တင်ယာဉ်များအသုံးပြုကာ စစ်အင်အားတိုးချဲ့နေသဖြင့် လမ်းသွားလမ်းလာပြည်သူများနှင့်ခရီးသည်တင်ယာဉ်များအနေဖြင့် ဝိုင်းမော်မြို့နယ်အတွင်း ကားမှန်ချကာ မောင်းနှင်စေလိုကြောင်း ဝိုင်းမော်မြို့နယ်တွင် လှုပ်ရှားနေသည့် KPDF များက တောင်းဆိုလိုက်သည်။

ဝိုင်းမော်မြို့နယ် အောင်မြေ (၂)ကျေးရွာ၊ ကိုးမိုင်ကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာများတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသောကြောင့် မော်တော်ကားဖြင့်သွားသည့် ခရီးသွားပြည်သူများအနေဖြင့် ကား‌မှန်ချကာမောင်းစေလိုကြောင်း ဝိုင်မော်မြို့နယ် KPDF တာဝန်ခံက The 74 Media ကိုပြောသည်။

“သတင်းကြားနေရတဲ့ စစ်အင်အားတိုးလာတဲ့ကားတွေက စစ်ကားနဲ့မဟုတ်တော့ဘူး။ အိမ်စီးကားနဲ့လာတာများတယ်။ ကုန်တင်ကားတွေ၊ ခရီးသည်ကားတွေနဲ့လာတာများတယ်။ သတင်းတော့ရပြီ ဒါပေမဲ့လုပ်မယ်ဆိုရင် ဒီကားက တကယ်စစ်ကူလာတဲ့ကားလား၊ ခရီးသည်တင်တဲ့ကားလား အတိအကျကိုမခွဲခြားနိုင်၊ ဒါကြောင့် ကျွန်တော်တို့ဘက်က ပစ်မှားမှာလည်းစိုးရိမ်တယ်” ဟုပြောသည်။

ဗလမင်းထင်တံတားမှစတင်ပြီး ဝိုင်းမော်မြို့အထိနှင့် ဝိုင်းမော်မြို့မှ အောင်မြေ (၁) ကျေးရွာနှင့် နောင်းဟီးကျေးရွာအထိ ကားလမ်းတစ်လျှေောက်တွင် မှန်ချမောင်းနှင်ပေးရန် မေတ္တာရပ်ခံကြောင်းသူကဆိုသည်။

လက်ရှိအချိန်တွင် ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး အောင်မြေ (၂) ကျေးရွာတွင် ပိတ်မိနေသည့် စစ်ရှောင်ပြည်သူများကို စစ်ကောင်စီတပ်က ကျေးရွာအတွင်းမှထွက်ခွင့်မပေးသည့်အပြင် ထွက်ခွာပါက နေအိမ်မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်များ ထိုးစစ်ဆင်သည့် မတ်လ (၇) ရက်နေ့တွင် မြစ်ကြီးနားမြို့မှ အိမ်စီးကားဖြင့်စစ်ကူလာသည့် ကားနှင့် KIA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားရာ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းအပါအဝင် ၃ ဦးသေဆုံးခဲ့သည်။

KIA ပူးပေါင်းတပ်က ယခုရက်ပိုင်းအတွင်း စခန်း ၂၀ ထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ထားပြီး အများစုမှာ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်တွင်ဖြစ်သည်။

သတင်း – Doi Awng

ပုံ – မြစ်ကြီးနား – ဗန်းမော်လမ်း တစ်နေရာတွင် KIA ပူးပေါင်းတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်

သင့်ထင်မြင်ချက်ရေးပေးပါ