ဖားကန့်မြို့၊ ဆိပ်မူအုပ်စု၊ နန့်မှော်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) KPDF ပူးပေါင်းတပ်တို့ ယနေ့ နံနက် ၃ နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

အင်အား ၇၀ ကျော်ခန့်ပါရှိသည့် ကသိုဏ်းတောင်မှ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဖားကန့်မြို့နေ KIA သတင်းရင်းမြစ်တစ်ဦး The 74 Media ကိုပြောသည်။

“စစ်ကူလာတဲ့ စကစတွေ၊ တာမခံဘက်က ထွက်ပြေးလာတဲ့သူတွေနဲ့ နမ့်မှော်နဲ့ ဆိုင်းတောင်အဝင်ဘက်တွေမှာ ပစ်နေကြတာ။ အခုတောင် ဒုန်းဒိုင်းနဲ့ အသံကြားနေရသေးတယ်။ အဲဒီနေရာတွေမှာ ဝိုင်းပြီးပစ်ခတ်နေကြတာတဲ့၊ ဖမ်းတဲ့သူကို ဖမ်း၊ ရှင်းသင့်တဲ့သူကို ရှင်း လုပ်နေတယ်လို့ပြောတယ်” ဟုပြောသည်။

ဆိပ်မူကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ပစ်ခတ်သံများကြားနေရကြောင်း ကျောက်အရောင်းအဝယ်ပြုလုပ်သော ဆိပ်မူဒေသခံတစ်ဦးက ပြောသည်။

“ရွာထဲကိုဝင်ချင်လို့လမ်းတောင်းတာ KIA က မပေးဘူးလို့ကြားတယ်။ လမ်းထိပ်တွေမှာ KIA နဲ့ PDF တွေက ကြိုစောင့်နေတာ သတင်းအတိအကျရထားလို့လေ။ အခုဆို လက်နက်သံတွေက ဆိပ်မူရွာထဲက ဝင်းပပရွှေဆိုင်ရှေ့ထိရောက်နေပြီ” ဟုပြောသည်။

လက်ရှိအချိန်တွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ရွာအဝင်အထွက်လမ်းများကို ပိတ်ထားကြောင်း အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“အရင်ကဆိုလက်နက်ကြီးသံမကြားရဘူး အခုက လက်နက်ကြီးတွေနဲ့ပါ ပစ်နေကြပြီ။ စစ်တပ်က လူစုခွဲပြီးဆိပ်မူကျေးရွာထဲဝင်လာတာကို နောက်ကနေလိုက်ပစ်တယ်လို ပြောနေကြတယ်။ ရွာဝင်လမ်းတွေကိုလည် ပိတ်ထားတယ်။ ဘယ်သူ့ကိုမှပေးလည်းမဝင်ဘူး အထွက်လည်းမခံဘူး” ဟုပြောသည်။

တာမခန် ခ.မ.ရ (၁၁၉) မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံပစ်ခတ်ချိန်တွင် ယမန်နေ့ညက တပ်ရင်းမှူးသေဆုံးခဲ့ကြောင်း ကနဦးသိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ခြေမြန်တပ်ရင်း (ခ.မ.ရ) ၁၁၉ စခန်းကုန်းရှိ အင်အား ၇၀ ခန့်က ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင် စခန်းကို စွန့်ခွာထွက်ပြေးနိုင်မည့် လမ်းကြောင်းဖွင့်ထားပေးရန် တောင်းဆိုပြီး လက်နက်များစွန့်ပစ်ကာ ထွက်ပြေးသွားသဖြင့် KIA က စခန်းကိုသိမ်းပိုက်ခဲ့သည်။

ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာရှိ စစ်ကောင်စီစခန်းများကို ဖေဖော်ဝါရီ ၂၆ ရက်ညမှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရဲစခန်းကို ယင်းနေ့တွင် သိမ်းပိုက်ခဲ့သည်။

သတင်း – Pe Ti, Pan soon

သင့်ထင်မြင်ချက်ရေးပေးပါ