တိုက်ပွဲဖြစ်ပွားနေသည့် ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၂) ကျေးရွာတွင် ပိတ်မိနေသည့် စစ်ရှောင်ပြည်သူများကို စစ်ကောင်စီတပ်က ကျေးရွာအတွင်းမှ ထွက်ခွင့်မပေးဘဲ၊ ထွက်ပါက နေအိမ်မီးရှို့မည်ဟု ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း သိရသည်။

အောင်မြေ (၂)/ ၉ မိုင်ကျေးရွာအဝင်လမ်းများကို စစ်ကောင်စီတပ်က ဝါးလုံးများဖြင့် ပိတ်ထားပြီး စစ်ရှောင်ပြည်သူများကို ရွာမှထွက်ခွာခွင့်ပိတ်ပင်ထားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့က ကျွန်မတို့စစ်ရှောင်တွေကို ဒိုင်းကာ၊ ကာဗာလုပ်ချင် အခုဆိုထွက်သွားမဲ့လမ်းဘက်က ကျောင်းနားတွေမှာ ဝါးလုံးတွေနဲ့လမ်းပိတ်ပေးလိုက်ပြီး။ လာကယ်မဲ့သူတွေဝင်လာလို့မရတော့ လမ်းလျှောက်ပြီးထွက်သွားကြဖို့လုပ်တာကို လုံးဝခွင့်မပြုဘူး။ ထွက်သွားမယ်ဆိုရင်တော့ အသက်ကြီးလူအိုတွေနဲ့ကလေးတွေပဲရမယ် အမျိုးသားတွေကိုတော့လုံးဝခွင်မပြုနိုင်ဘူး ဘာညာပြောနေလို့ ကျွန်မတို့အကုန်လုံး အခုနေနေတဲ့နေရာမှာပဲ ဆက်နေနေကြရပါတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် ဒေသခံပြည်သူများက တိမ်းရှောင်နေသည့် နေရာတွင်သာ ကတုတ်ကျင်းများ တူးဖော်နေကြကြောင်း သိရသည်။

ဒေသခံပြည်သူများက စစ်ကောင်စီတပ်ကို ရွာမှထွက်ခွာခွင့်သွားတောင်းချိန်တွင် တစ်ရွာလုံးမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“မနက်ပိုင်းကျွန်တော်တို့သွားပြောတဲ့ချိန်ကခွင့်ပြုသလိုပြောပြီး မထွက်ခွာခင် ဆုံးသွားတဲ့ အဖွားအိုတွေရဲ့ ရုပ်အလောင်းကို နေအိမ်ခြံဝင်းအတွင်းမှာပဲ မြေချခဲ့ဖို့ထပ်တောင်းဆိုတော့ အချိန်နည်းနည်းပေးတယ်။ ပြီးတာနဲ့ ရွာကနေထွက်သွားခွင့် တိမ်းရှောင်ခွင့်ကိုတော့ လုံးဝမပေးနိုင်ဘူးတဲ့။ နင်တို့ထွက်သွားရင် နင်တို့အိမ်တွေကို မီးရှို့ပစ်မယ် တစ်ရွာလုံးရှို့ပစ်မယ် ဘာညာဆိုပြီးခြိမ်းခြောက်လာတာ” ဟုပြောသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်၏ ဒရုန်းကြောင့် ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာရှိ အသက် (၁၀၀) ခန့်အရွယ်အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးခဲ့သူတို့၏ ရုပ်အလောင်းကိုလည်း နေအိမ်ခြံဝင်တွင်သာ မြေမြှုပ်သင်္ဂြိုဟ်ထားကြောင်း သိရသည်။

လက်ရှိအချိန် အောင်မြေ (၂) ကျေးရွာ ဘုန်းကြီးကျောင်းတွင် ပိတ်မိနေသည့် ဒေသခံပြည်သူ (၈၀၀) ကျော်ခန့်ရှိပြီး အစားအသောက်နှင့် နေရာထိုင်ခင်းအတွက်လည်း အခက်အခဲများရှိနေကြောင်း စစ်ရှောင်ပြည်သူများထံက သိရသည်။

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာ၊ ကဇူး၊ ဒဘတ်ကျေးရွာနှင့် အောင်မြေ (၁) ကျေးရွာတို့မှ ထွက်ပြေးတိမ်းရှောင်လာသူ ၆၀၀ ခန့်ကို ယမန်နေ့က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ သွားရောက်ကယ်ထုတ်ခဲ့ပြီး ၃၀၀ ခန့်မှာလည်း ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစတင်ကာ စစ်ရေးတင်းမာနေပြီး မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

သတင်း – Zami

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ