ဗန်းမော်မြို့ရှိ ရောဘတ်စစ်ရှောင်စခန်းမှ ဘာသာရေးဆရာတစ်ဦးအပါအဝင် အမျိုးသား ၁၇ ဦးကို စစ်ကောင်စီတပ်က ယနေ့နံနက် ၁ နာရီခွဲခန့်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရောဘတ်စစ်ရှောင်စခန်းတွင်း နေထိုင်သည့် အမျိုးသားများကို လမ်းလျှောက်ခိုင်းပြီး နာမည်စာရင်းကောက်ယူကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိုးမော်မြို့နေလူငယ်တစ်ဦးက The 74 Media   ကို ပြောသည်။

“ကြားတာတော့ မနေ့ညက စစ်ရှောင်ထဲကလူတွေကို လမ်းလျှောက်ခိုင်းပြီး စာရင်းတွေယူပြီး လာခေါ်သွားတာတဲ့။ အမျိုးသမီးတွေတော့မပါဘူး၊ ကျွန်တော့်အသိဆရာတစ်ယောက်လည်း ပါသွားတယ်။ အဲ့ဒါကြောင့် အချိတ်အဆက်ကပိုမရဘူးဖြစ်သွားတာ” ဟုပြောသည်။

ရောဘတ်စစ်ရှောင်စခန်းရှိ အမျိုးသားများကို စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းခဲ့ပြီး ဘာသာရေးဆရာ ဦးထိန်နန်နော်အပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ဦး ဖမ်းဆီးခဲ့ကြောင်း ဗန်းမော်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ရောဘတ်စစ်ရှောင်စခန်းကို စစ်ကောင်စီတွေဝင်ပြီး စစ်ဆေးခဲ့တာ။ စစ်ရှောင်တွေကို စပြီးစစ်တာ၊ ပြီးတော့ အသင်းတော်က သင်းအုပ်ဆရာတွေကိုလည်း စစ်မေးတယ်။ ယောကျာ်းလေးတွေ အားလုံးကို စစ်မေးပြီး ဆရာထိန်နန်နော်နဲ့ စစ်ရှောင်တချို့ကို စစ်သားတွေခေါ်သွားပြီဆိုတာသိရတာ” ဟုပြောသည်။

ဗန်းမော်မြို့တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ MPT ဖုန်းလိုင်းပြတ်တောက်နေကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသူများ ပြန်လည်လွတ်မြောက်လာရန် ရောဘတ်စစ်ရှောင်စခန်းမှ တာဝန်ရှိသူများက ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တွေ့ဆုံရန် ပြင်ဆင်နေကြကြောင်း ဘာသာရေးဆရာတစ်ဦးက ပြောသည်။

“ရောဘတ်စစ်ရှောင်စခန်းက လူတွေကို လာဖမ်းသွားလို့ အဲဒီက တာဝန်ခံနဲ့ စစ်ရှောင်လှုပ်ရှားသူတွေ အခုမြစ်ကြီးနားတက်ပြီး ဝန်ကြီးနဲ့စကားသွားပြောတာတွေ လိုက်တာတွေ လုပ်နေကြတယ်ဆိုပြီး ပြောပြတယ်။ အဲ့ဒါကြောင့်အခုချိန်မှာတော့ ဘယ်သူနဲ့မှအဆက်အသွယ်မရဘူး” ဟုပြောသည်။

စစ်ကောင်စီတပ်က ဗန်းမော်မြို့ရှိ မြစ်ဆုံဟိုတယ်ပိုင်ရှင် ဇနီးမောင်နှံနှစ်ဦးနှင့် ဝန်ထမ်းငါးဦးကိုလည်း ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ယနေ့ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

သတင်း – Pan Soon

ဓါတ်ပုံ – ‌Kachinland News

 

သင့်ထင်မြင်ချက်ရေးပေးပါ