စခန်းသိမ်းခံရသည့် ဆွမ်ပရာဘွမ်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်း ယမန်နေ့ညနေ ၅ နာရီခန့်တွင် တိုက်ခိုက်ခံရပြီး ကားတစ်စီးပျက်စီးသွားကြောင်း သိရသည်။

တုန်ဟုန်းကားလေးစီးဖြင့် ပူတာအိုမြို့မှ စစ်ကူလာချိန် ဝဒတ်ကျေးရွာနှင့် ဆွမ်ပီယန်ကျေးရွာကြားတွင် KIA ပူးပေါင်းတပ်က ကားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ကြားရတယ်။ ဘယ်လောက်ထိခိုက်ဒဏ်ရာရတာတော့အတိအကျမသိရသေးဘူး။ ကားနှစ်စီးထိသွားတာ တစ်စီးကတော့ ချောက်ထဲကျသွားတယ်လို့ကြားရတယ်” ဟုပြောသည်။

စစ်ကူလာသည့် ယာဉ်တန်းမှာ စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ ၁၃၇ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

KIA က ကြားဖြတ်တိုက်ခိုက်ချိန် ပစ်ခတ်သံများကြားခဲ့ကပြီး လက်နက်ကြီးသံများလည်းကြားရကြောင်း ဆွမ်ပီယာန်ဒေသခံတစ်ဦးက ပြောသည်။

“ဝဒတ်နဲ့ဆွမ်ပီယာန်ကျေးရွာကြားမှာဟုတ်တယ်။ အသံက၊ လက်နက်ကြီးသံလည်းကြားရတယ်။ သေနတ်သံတွေလည်းကြားနေရတယ်” ဟုပြောသည်။

အဆိုပါယာဉ်တန်းတွင် G 1 အဆင့်ရှိသူအပါအဝင် အင်အား ၅၀ ကျော်ခန့်ပါရှိပြီး တုိက်ခိုက်ခံရသောကြောင့် ထိခိုက်သေဆုံးမှုများရှိကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးက ‌ေပြာသည်။

“ဘယ်လောက်ထိတာကမသိရသေးဘူ။ G 1 တစ်ယောက်ပါလာရင် အင်အားကတော်တော်များတာဟုတ်တယ်။ အခုလုံရှာယာန်မှာတချို့ကျန်နေသေးတယ်။ ဆွမ်ပီယာန်ကိုအဲ့အဖွဲ့တွေမရောက်လာသေးဘူး” ဟုပြောသည်။

တိုက်ခိုက်ခံရသဖြင့် ပျက်စီးသွားသည့် စစ်ကောင်စီကားကို KIA တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ဆွမ်ပရာဘွမ်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။

ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဒေသခံပြည်သူများသည် တိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်သောကြောင့် ယနေ့မှစတင်ပြီး လူဦးရေ ၅၀၀ ခန့် ရွှေမော်များနှင့် ခဂရန်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

သတင်း – Doi Awng

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ