ဆွမ်ပရာဘွမ်မြို့နယ်ရှိ မလိယန်စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူပေါင်းတပ်များက ယမန်နေ့ည ၁၁ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဆွမ်ပရာဘွမ်မြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲအချို့ လက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရသည်။

မလိယန်စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ညနေ နှစ်နာရီခွဲခန့်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည်ဟု ရှေ့တန်းမှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့စခန်းကိုမနေ့ညကတည်းက သိမ်းလိုက်နိုင်တာ။ အခုရှင်းလင်းရေးလုပ်နေတုန်းမို့ သူတို့(စစ်ကောင်စီ) ဘယ်လောက်သေသွားလည်း မသိသေးဘူး” ဟုပြောသည်။

အဆိုပါစခန်းမှာ ဆွမ်ပရာဘွမ်မြို့နှင့် ၁၆ မိုင်ခန့်အကွာတွင်တည်ရှိပြီး ခ.လ.ရ (၄၆) မှ တပ်ဖွဲ့ဝင်အင်အား ၃၀ ကျော်ခန့်ဖြင့် အထိုင်ချထားကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကပြောသည်။

“အဲ့နေရာက ဆွမ်ပရာဘွမ်ကနေ ခြေလျင်နဲ့သွားရင် တစ်နေ့လောက်သွားရတယ်။ ဆိုင်ကယ်လမ်းက မပေါက်တော့ဘူး၊ အရှေ့ဘက်ကျတာဟုတ်တယ်။ ရွာသားတွေလည်းမရှိတော့ဘူး။ သူတို့ပဲနေတဲ့စခန်း ဟုတ်တယ်။ ဧရာဝတီမြစ်ဘေးမှာ” ဟုပြောသည်။

အဆိုပါစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ KPDFနှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စခန်းသိမ်းခံရပြီးနောက် ဆွမ်ပရာဘွမ်မြို့နယ် ရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးထက်မနည်းက လက်နက်ချအလင်းဝင်ခဲ့ကြောင်း KPF တပ်ဖွဲ့ဝင်တစ်ဦးက ဆက်ပြောသည်။

“မနေ့ည ၁၁ နာရီမှာ စခန်းသိမ်းပြီးတော့ ၁၂ နာရီလောက်မှာ ဆွမ်ပရာဘွမ်မြို့ကိုဝင်တာ ဒီနေ့မနက် ရဲစခန်းမှူးအပါအဝင် ရဲ ၁၃ ဦး KIAမှာ လက်နက်ချအလင်းဝင်တာ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကလည်း လက်နက်ချအလင်းဝင်ရန် ဆက်သွယ်လာသည်များရှိသည်ဟု ကနဦးသိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

တိုက်ပွဲကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြ‌ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများလည်းရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့ကလည်း ခေါင်လန်ဖူးမြို့နယ်၊ ခရန်ထီဒမ်းကျေးရွာရှိ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ KPDFနှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF)တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

သတင်း – Dureng, Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ