စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ယနေ့နံနက်က ခြောက်နာရီခွဲခန့်က ဝိုင်းမော်မြို့နယ် ခါးရှီကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် သေဆုံးသွားကြောင်း သိရသည်။

ဝိုင်းမော်မြို့မှ ရွှေညောင်ပင်ကျေးရွာသို့ ကားတစ်စီးဖြင့်ထွက်ခွာလာသည့်အချိန်တွင် လမ်းခုလတ်တွင် KIA တပ်မဟာ (၅) တပ်ဖွဲ့ဝင်တို့က တိုက်ခိုက်ခဲ့ကြောင်း အမည်မဖော်လိုသူ KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“ဒီမနက် ဖိုးဝီးကားနဲ့ စစ်ကူလာတဲ့အချိန် ဟုတ်တယ်။ ဝိုင်းမော်ကနေ ထွက်လာတာ ရွှေညောင်ပင်ဘက်ကို စစ်ကူသွားကြတာ။ သူကတော့ (ဦးရွှေမင်း) အမိန့်ပေးဖို့ သွားတာဖြစ်မယ်။ ဝိုင်းမော်အကျော် ခါးရှီဆိုတဲ့ရွာ မရောက်ခင်လေးမှာ ပစ်ခတ်ခံလိုက်ရတာ။ မိုင်းဆွဲခံရတာ မဟုတ်ဘူး။ ဘေးနားမှာ စောင့်ကြိုပြီး ပစ်တာ။ ကားကတော့ တစ်စီးပဲလာခဲ့တာ” ဟုပြောသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းက တိုက်ပွဲတွင်း သေဆုံးခဲ့ကြောင်း သိရှိရပြီး ပြည်သူ့စစ်အဖွဲ့က တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“တိုက်ပွဲတွင်း သေဆုံးတဲ့သူတွေထဲမှာ ဦးရွှေမင်းလည်း ပါသွားတယ်လို့တော့ ကြားသိရတယ်။ ဒါပေမဲ့ သူတို့ဘက်က သတင်းတော့ မကြားရသေးဘူး။ လူမှုကွန်ရက်ပေါ်မှာတော့ တော်တော်ပျံ့နေပြီ။ ရုပ်အလောင်းကို ကြည့်ရင်လည်း ဦးရွှေမင်းနဲ့ ရုပ်တော်တော်ဆင်နေတာတော့ တွေ့ရတယ်။ ဒါပေမဲ့ သူတို့ဘက်ကလည်း တရားထုတ်ပြန်တာတွေတော့ မကြားရသေးပါဘူး” ဟုပြောသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းနှင့်အတူ လိုက်ပါလာသည့် တပ်ဖွဲ့သုံးဦးလည်း သေဆုံးခဲ့ပြီး သိမ်းဆည်းရမိသည့် ကားကို KIA တပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် အောင်မြေ ၁ ကျေးရွာအနီး အင်လုံခတံတားအနီး တိုက်ပွဲတွင် ဦးရွှေမင်း ကျဆုံးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချာနယ်များတွင်လည်း ရေးသားထားသည်။

ဦးရွှေမင်း၏ တယ်လီဖုန်းကို The 74 Media က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပါ။

ပြည်သူ့စစ်တပ်ဖွဲ့ဝင် ခေါ်ယူရာတွင်ထည့်သွင်းဖော်ပြထားသည့် ဖုန်းနံပါတ်သို့ဆက်သွယ်မေးမြန်းရာတွင် စစ်ကူသွားသည့်ယာဉ်တန်းတွင် ဦးရွှေမင်းလိုက်ပါသွားသည်ကို အတည်ပြုပြီး စုံစမ်းနေဆဲဖြစ်ကြောင်း အမျိုးသားတစ်ဦးက The 74 Media ကိုဖြေကြားသည်။

“ကျွန်တော်တို့လည်း လိုက်တော့စုံစမ်းနေပါတယ်။ ပါတာတော့ပါတာဟုတ်တယ်။ ဒါပေမဲ့ သူတို့ ကား ၂ စီးဟုတ်တယ်” ဟုပြောသည်။

ဦးရွှေမင်းသည် စစ်ကောင်စီက ချီးမြှင့်သည့် သီရိပျံချီဘွဲ့ကိုရရှိထားပြီး ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို အနိုင်ရရှိခဲ့သူဖြစ်သည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က ဝိုင်းမော်မြို့နယ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်းခဲ့သူဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က လီဆူလူမျိုးများ တစ်အိမ်တစ်ဦး စစ်မှုမထမ်းနေရဥပဒေကို ထုတ်ပြန်ခဲ့သူဖြစ်ကြောင်းသိရသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ