ဗန်းမော်မြို့ လေယာဉ်ကွင်းနှင့် မြစ်ကြီးနားမြို့ နမ့်ပေါင်လေတပ် ယနေ့ နံနက်က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ဗန်းမော်မြို့လေယာဉ်ကွင်းကို နံနက် ၉ နာရီခန့်နှင့် ၁၀ နာရီခွဲခန့်တို့တွင် ၁၀၇ မမဖြင့် နှစ်ကြိမ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KPDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“နှစ်ချက်စလုံး လေယာဉ်ကွင်းထဲကို ကျတယ်ပေါ့နော်။ အခုလောလောဆယ် လေယာဉ်ပြေးလမ်းကတော့ နည်းနည်း သိပ်အဆင်မပြေဘူး ဖြစ်သွားတယ်လို့တော့ကြားထားတယ်။ ဒါပေမဲ့အတည်မပြုနိုင်သေးဘူး” ဟုဆိုသည်။

လက်ရှိအချိန်တွင် ဗန်းမော်တက္ကသိုလ်သို့သွားသည့် နန့်ဖားလမ်းနှင့် လေယာဉ်ကွင်းလမ်းကို စစ်ကောင်စီတပ်က ပိတ်ထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ နမ့်ပေါင်လေတပ်ကိုလည်း ယနေ့ နံနက် ၈ နာရီခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က သွားရောက်ပစ်ခတ်ခဲ့သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“လေတပ်ကိုသွားပစ်တာ ကျွန်တော်တို့ KIA တပ်ဖွဲ့ဝင်တွေ သွားပစ်တာဟုတ်တယ်။ ဌာနချုပ်ဘက်မှာ တိုက်ခိုက်နေကြတော့ နှောင့်နှေးသွားအောင်လုပ်တဲ့ သဘောလောက်ပါပဲ။ ဒီဘက်မှာတော့ တခြားထူးခြားတာတော့ မရှိပါဘူး” ဟုပြောသည်။

လေတပ်စခန်းမှ မှော်ဖောင်းကျေးရွာအနီးသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေပြီး မြစ်ကြီးနားမြို့အဝင် လမ်းတစ်လျှောက်တွင်လည်း လုံခြုံရေးတင်းကြပ်ထားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လေတပ်ကနေပစ်တာ။ မနက် ၈ နာရီလောက်ကနေစပစ်တာ ခဏနားတယ် ပြန်ပစ်တယ်။ စစ်သားတွေလည်း မော်ဖောင်းရွာကိုပတ်နေတာ။ မြို့ထဲသွားတဲ့လမ်း လမ်းမကြီးကိုလည်းပိတ်ထားတာ” ဟုဆိုသည်။

လေတပ်အနီးတွင် ဒရုန်းပျံသန်းသည်ဟုဆိုကာ လက်နက်ကြီးပစ်နေခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ခတ်သံ များကြောင့် မော်ဖောင်းကျေးရွာရှိ ဈေးသည်များဆိုင်ပိတ်သိမ်းကာ ထွက်ပြေးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီမနက်ကနေ အခုထိပစ်နေတာ လာပစ်တာတော့ မဟုတ်ဘူး ဒရုန်းမြင်လိုက်လို့နေမှာ ဒီအတိုင်းဟိုဘက်၊ ဒီဘက် ရမ်းပြီးလိုက်ပစ်နေတာ။ ဒရုန်းကတော့ ဓမ္မာရုံနားမှာကျတယ်လို့ပြောတယ် အတိအကျတော့ မသိဘူး။ လက်နက်ကြီးကြောင့် ဈေးသည်တွေတောင် အကုန်ထွက်ပြေးသွားပြီ။ နဂိုကကျွန်မတို့နဲ့ နည်းနည်းဝေးတဲ့နေရာ ကျတယ်။ အခုက နီးလာပြီ” ဟုပြောသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကိုလည်း ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ယနေ့ နံနက်ပိုင်းမှစတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး မြစ်ကြီးနားလေတပ်မှ တိုက်လေယာဉ်များလည်း ပျံသန်းနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း အမှတ် (၅၀၃) မြစ်ကြီးနားလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ