တိုက်ပွဲပြင်းထန်နေသည့် လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းက ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ယနေ့ နံနက် ၁၀ နာရီခန့်က အရပ်သား နှစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နာဖော့ (Nahpaw) စစ်ကောင်စီတပ်စခန်းက ပစ်လိုက်သည့် လက်နက်ကြီးတစ်လုံး လိုင်ဇာမြို့ ဝေကြိုင်ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သားအမိနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“တဒိုင်းဒိုင်းပဲ ကျွန်မတို့သွားနေတဲ့ အိမ်ရဲ့နည်းနည်းအပေါ်မှာပဲဟုတ်တယ်။ လန့်လို့သေတော့မယ် အိမ်တည့်တည့်မှာကျလို့ သားအမိနှစ်ယောက်သေသွားပြီ သုံးယောက်က ဒဏ်ရာရထားတယ်တဲ့ သွားတော့မကြည့်ဘူး ကလေးငယ်နဲ့မို့ အမြန်ပြန်လာလိုက်တာ” ဟုပြောသည်။

မုန်လိုင်ခက်ကျေးရွာသွားလမ်းတွင်လည်း အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဝေကြိုင်ရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။

“ဝေကြိုင်ဘက်မှာ ကျတဲ့လက်နက်ကြီးက နဖော့တောင်ဘက်ကနေ ပစ်လိုက်တဲ့ဟာ ဟုတ်တယ်။ အိမ်တန်းလျားဘက်မှာ သွားကျတာ၊ သေဆုံးနေတာတော့ ပုံမှာတွေ့တဲ့အတိုင်းပဲ။ မုန်လိုင်ခက်ဘက်မှာလည်း ဝေကြိုင်မှာ ငါးတွေလာရောင်းပေးတဲ့ ရခိုင်အမျိုးသားလည်း ထိသွားတယ်” ဟုပြောသည်။

အဆိုပါထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားမှာ သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်နေပြီး The 74 Media က အတည်ပြုနိုင်ရန်ကြိုးစားနေဆဲဖြစ်သည်။

ယနေ့ နံနက် ၆ နာရီခန့်မှ စတင်ကာ မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးရမ်းပမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က လိုင်ဇာမြို့အနီးကို မွန်းလွှဲ ၁၂ နာရီခွဲခန့်ကလည်း လေကြောင်းမှ လာရောက်ပစ်ခတ်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လိုင်ဇာမြို့အနီး မုန်လိုင်ခက်စစ်ရှောင်စခန်းရှိ ကလေးသူငယ်အပါအဝင် ပြည်သူ ၂၉ ဦး သေဆုံးခဲ့ပြီး ၆၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Pan Soon, Zami

သင့်ထင်မြင်ချက်ရေးပေးပါ