မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ယနေ့ နံနက်ပိုင်းမှ စတင်ကာတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်စခန်းနှစ်ခုကိုလည်း သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

လိုင်ဇာမြို့အနီးရှိ စစ်‌ကောင်စီတပ်စွဲထားသော ဘွမ်ရယ်ဘွမ် (Bumre bum)၊ ခယာဘွမ်(Hkaya Bum) ယနေ့ နံနက် ၅ နာရီခွဲက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၇ နာရီခွဲခန့်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု KPDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“လိုင်ဇာနားမှာရှိတဲ့ စခန်းတွေအကုန်လုံးတစ်ပြိုင်တည်းတိုက်တာ အခုက ခယာဘွမ်နဲ့ ဘွမ်ရဲ့ဘွမ်ကိုတော့ သိမ်းနိုင်ပြီ။ ခယာဘွမ်က အဲ့နားဝန်းကျင်မှာ အမြင့်ဆုံးတောင်ဟုတ်လို့ အဲ့တာအရင်သိမ်းနိုင်မှ ကျန်တဲ့ဟာတွေ တိုက်လို့ရမှာ မဟုတ်ရင်တော့အဲ့တောင်ကနေ လက်နက်ကြီးတွေပစ်လို့ အဲ့တာကို အရင်သိမ်းလိုက်တာ။ အခုလည်း ဝိုင်းမော် – လိုင်ဇာလမ်းတစ်ကြော တိုက်ပွဲပြင်းထန်နေတုန်းပဲ” ဟုပြောသည်။

ဘွမ်ရဲဘွမ်နှင့် ခယာဘွမ်တပ်စခန်းကို လက်ရှိအချိန်တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး စစ်သုံပန်း ၁၀ ဦးကျော်ဖမ်းဆီးရမိထားသည်ဟုပြောသော်လည်း The 74 Media မှတည်းခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဝိုင်းမော်မြို့နယ်တွင်လည်း ယနေ့ နံနက် ပိုင်းမှစတင်ကာ စစ်ကောင်စီနှင့် ဦးရွှေမင်းပြည်သူ့စစ်များတပ်စွဲထားသော နေရာအချို့ကို KIA က တစ်ပြိုင်နက်တည်းထိုးစစ်ဆင်သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာရှိ ဦးရွှေမင်းဦးဆောင်သည့်ပြည်သူ့စစ်စခန်းကို တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်နက်ကြီးသံ ၅၀ ကျော်ခန့်ကြားရကြောင်း အောင်မြေ (၁) ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“အခုကခဏငြိမ်နေတယ်၊ ဒီမနက် ၅ နာရီကနေစပစ်တာ၊ ဒီမှာမြေကြီးတွေတောင်တုန်နေတယ်။ သေနတ်သံတွေလည်းအရမ်းကြားရတယ်။ အခုကသိမ်းနိုင်ပြီလားမသိဘူး။ အဲ့မှာက ပြည်သူ့စစ်တွေ ၃၀ ကျော်လောက်ပဲရှိတာ။ ၃၂၁ စခန်းက ပစ်လိုက်တဲ့လက်နက်ကြီးတောင် မြစ်ဘက်သွားကျတယ်။ လူကတော့ဘာမှမဖြစ်ဘူး” ဟုပြောသည်။

ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ ၃၂၁ နှင့် မလိစစ်ကောင်စီတပ်စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ကဇူးယန်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခြေအနေက အောင်မြေ (၁) စခန်းကိုသွားတိုက်တာဟုတ်တယ်။ ပြီးရင် ၃၂၁ ကိုလည်း လက်နက်ကြီးတွေ ပစ်ပြီးထိန်းနေတယ်။ ပြီးရင် မလိစစ်ကောင်စီစခန်းကိုလည်းတိုက်နေတယ်။ အခုက ကဇူးကိုလည်းပြန်လို့မရ၊ အောင်မြေ (၁) ကိုလည်းသွားလို့မရ” ဟုပြောသည်။

မိုးမောက်မြို့နယ်အတွင်းရှိ နွမ်လန်း၊ ဒေါ့ဖုန်းယန်ကျေးရွာရှိ ရှဒန်ပါတပ်စခန်း၊ အင်တပ်ဘွမ်တပ်စခန်းနှင့် အင်လုန်ခတပ်စခန်း၊ ဘွမ်ရယ်ဘွမ်၊ ခယာဘွမ်နှင့် ဝိုင်းမော်မြို့နယ်ရှိ အောင်မြေ (၁) စခန်းနှင့် ရွှေညောင်ပင်တပ်စခန်းတို့တွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ကလည်း မံစီမြို့နယ် တမော်ကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ်၏ မဂျီဂုံဗျူဟာကုန်းစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng, Dureng

သင့်ထင်မြင်ချက်ရေးပေးပါ