အောင်မြင်သာကျေးရွာရှိ အပန်းဖြေစခန်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ လာရောက်လည်ပတ်သူ နည်းပါးလာသောကြောင့် စားသောက်ဆိုင်အများစုမှာ ပိတ်ထားရကြောင်း သိရသည်။

နိုင်ငံရေးအခြေအနေနှင့် တပ်သားသစ်စုဆောင်းရေးတို့ကြောင့် ပိတ်ရက်များတွင်သာ အနည်းငယ်လာရောက်လည်ပတ်ကြသဖြင့် ဈေးရောင်းရာတွင် အခက်အခဲများရှိနေသည်ဟု အသက် ၅၀ ကျော်ခန့်အရွယ်ရှိ စားသောက်ဆိုင်ဖွင့်ထားသူတစ်ဦးက The 74 Media ကိုပြောသည်။

“အရင်ကနိုင်ငံရေးကောင်းတဲ့အချိန်ဆိုရင် ပုံမှန်ဈေးရောင်းရတယ်။ ဒါကြောင့် ကလေးတွေကိုလည်း ကျောင်းတွေ ထောက်ပံ့နိုင်တယ်။ အခုက တောဘက်ကပဲ အောင်မြင်သာကိုမရောက်ခင်လည်းဆွဲတယ်။ အောင်မြင်သာစခန်းမှာပျော်ပါးနေတာကိုလည်းဆွဲတယ်။ လူငယ်တွေက မလာကြတော့ဘူး။ ကားလာရင် လက်မှတ်ဖြတ်တဲ့အစောင့်ကိုတောင်ဆွဲတဲ့အဆင့်ဖြစ်သွားပြီ အခုကဘာလုပ်စားရမလဲတောင် မသိတော့ဘူး” ဟုပြောသည်။

ယခင်က အောင်မြင်သာချောင်းကို အမှီပြုကာ ဈေးရောင်းချနေသော်လည်း လာရောက်လည်ပတ်သူ မရှိသောကြောင့် လက်ရှိအချိန်တွင် အခြားလုပ်ငန်းတစ်ခုပြောင်းလဲလုပ်ကိုင်နေရသည်ဟု ဆိုင်ပိတ်ထားရသည်မှာ နှစ်ပါတ်ခန့်ရှိပြီဖြစ်သည်ဟု အမျိုးသမီးတစ်ဦးကပြောသည်။

“ဆိုင်နေ့တိုင်းရောင်းနေရင်လည်း လူမလာတော့ အချိန်ကုန်လို့ ဈေးမရောင်းတော့ဘူး။ အရင်ကဆိုရင် ဒီအချိန်တွေမှာ လူကြိတ်ကြိတ်တိုးတာဟုတ်တယ်။ အခုက တစ်နေ့မှာ ကားငါးစီးလောက်ပဲဝင်တော့ ဆိုင်တွေက ဖောက်သည်ထက်ပိုများနေတယ်။ ကျွန်မတောင် အခုပွဲစားဘက်ပြန်ပြောင်းလုပ်နေတယ်” ဟုပြောသည်။

အောင်မြင်သာချောင်းတစ်လျှောက်တွင် ဒေသခံများဖွင့်လှစ်ထားသည့် စားသောက်ဆိုင်ပေါင်း ၅၀ ကျော်ခန့်ရှိသော်လည်း လက်ရှိအချိန်တွင် ဆိုင် ၁၀ ခုခန့်သာ ဖွင့်တော့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဈေးရောင်းမကောင်းသောကြောင့် ဧရာဝတီမြစ်အတွင်း ရွှေကျင်သည့်အလုပ်ကိုပြောင်းလဲလုပ်ကိုင်နေသည့်သူများလည်းရှိကြောင်းသိရသည်။

အောင်မြင်သာကျေးရွာဒေသခံအများစုက အပန်းဖြေစခန်းတွင် စားသောက်ဆိုင်ဖွင့်ကာ အသက်မွေးဝမ်းကျောင်းပြုလုပ်ကြသူများဖြစ်ပြီး ကိုဗစ်ကာလနှင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းထက် လာရောက်လည်ပတ်သူ ပိုမိုနည်းပါးသွားကြောင်း အောင်မြင်သာကျေးရွာဒေသခံများထံက သိရသည်။

အောင်မြင်သာကျေးရွာသည် မြစ်ကြီးနားမြို့မှ ၂၃ မိုင်ခန့်အကွာ မြစ်ကြီးနား -ပူတာအိုလမ်းမကြီးဘေးတွင် တည်ရှိပြီး မြစ်ဆုံရေကာတာစီမံကိန်းကြောင့် တန်ဖရဲကျေးရွာမှ ရွှေ့ပြောင်းလာသည့်ကျေးရွာဖြစ်သည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ