စွန့်ပစ်မြေစာပုံပြိုကျသောကြောင့် ယမန်နေ့ နံနက် ၉ နာရီခန့်က ဖားကန့်မြို့နယ်၊ မနကျေးရွာတွင် ရေမဆေးသမားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

အမြင့်ပေ ၃၀၀ ခန့်ရှိသည့် တစ်သုံးလုံးကုမ္ပဏီစွန့်ပစ်မြေစာပုံ ပြိုကျခဲ့သဖြင့် မြေစာပိကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရေမဆေးရှာဖွေသူ တစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့နေရာက ခဏခဏ ကျောက်ခဲမှန်တယ်။ မြေစာပြုတ်ကျပြီး လူပေါ်ပိသွားတာဟုတ်တယ်။ မြင်တဲ့သူပြောတာတော့ အဲ့ရေမဆေးသမားကလည်း ထွက်ပြေးသေးတယ် မလွတ်တာတဲ့” ဟုပြောသည်။

သေဆုံးသူမှာ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ဦးခေါင်းနှင့် ခြေထောက်နှစ်ချောင်း ကျိုးဒဏ်ရာများကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖားကန့်မြို့လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

“အလောင်းကိုတော့လာသယ်သွားကြပြီ။ မြေစာဝိတ်များလားတော့မသိဘူး ညာဘက်ခြေထောက်တောင် ပြတ်ထွက်သွားတယ်။ သူတို့ရဲ့မိသားစုဝင်တွေနဲ့ အဆက်သွယ်ရအောင် လုပ်ပေးနေတယ်” ဟုပြောသည်။

ဖားကန့်မြို မှော်စီစာကျေးရွာရှိ စွန့်ပစ်မြေစာပုံတွင်လည်း မတ် လ၄ ရက်နေ့က မြေစာသွန်ရာမှ နဖူးတွင် ကျောက်ခဲထိမှန်ခဲ့သဖြင့် အသက်၃၀ နှစ်ခန့်အရွယ်ရှိ ကိုအင်ဖန်းဆိုင်းအောင်ဆိုသူ သေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ