ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားသည့် မံစီမြို့နယ်၊ မဂျီဂုံဗျူဟာကုန်းကို ယနေ့နေ့လယ် ၁၂ နာရီခန့်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တမော်ကျေးရွာရှိ မဂျီဂုံဗျူဟာတပ်စခန်းကို တိုက်လေယာဉ်နှစ်စီးဖြင့် သုံးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဘာမှမဖြစ်ဘူး တောဘက်ကျတယ်လို့ ပြောတယ်။ ကျတဲ့နားက သစ်ပင်တွေ ကျိုးသွားတယ်တဲ့။ တခြားထိခိုက်တာတော့ မရှိပါဘူး။ အခုလောလောဆယ် စစ်ကြောင်းထိုးတာတော့ မရှိသေးဘူး” ဟုပြောသည်။

အဆိုပါတပ်ကို ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“လေယာဉ်နဲ့ပစ်သွားတာတော့ဟုတ်တယ် မှန်တယ်ဗျ။ အဲ့ဘက်မှာရွာသားတွေလည်းပြန်နေတာမျိုး မရှိသေးတော့ ဒေသခံတွေထိခိုက်တာမျိုးတော့ရှိမယ်မထင်ဘူး။ ဒါကအထင်ပါ သတင်းအတိအကျတော့မရ သေးဘူး” ဟုပြောသည်။

ထိခိုက်သူရှိ၊ မရှိကို အသေးစိတ် မသိကြောင်းနှင့် လာရောက်ပစ်ခတ်ချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲသံများ ကြားခဲ့ရသည်ဟု မန်ဝိန်းကြီးဒေသခံတစ်ဦးကပြောသည်။

“ရွာကနေတောင်ကြားရတယ်။ ထိခိုက်တာတော့ မရှိလောက်ဘူး။ လက်နက်ကြီးတွေ သိမ်းရတဲ့ပစ္စည်းတွေ မနေ့တနေ့က အကုန်သယ်ပြီးပြီကြီးကို၊ အခုက ဘာမှမရှိတော့တာကို စခန်းစောင့်တဲ့ တပ်ဖွဲ့ဝင်တွေပဲရှိတယ်” ဟုပြောသည်။

မဂျီဂုံဗျူဟာကုန်းကို ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ရာ ၃ ရက်နေ့တွင် တပ်စခန်းကုန်း သုံးနေရာကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာအမြောက်နှစ်ခုအပြင် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

သတင်း – Zami, Pan soon

သင့်ထင်မြင်ချက်ရေးပေးပါ