ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်နှင့် SNA တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရပြီး အများအပြားသေဆုံးကာ ငါးဦးထက်မနည်းကို အရှင်ဖမ်းဆီးရရှိထားကြောင်း သိရသည်။

တာမခန်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် ကသိုဏ်းတောင်စခန်းမှ စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်ကို ဘုန်းကြီးကျောင်းတွင်နေရာယူထားစဉ် KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“အလောင်းကပုံနေပြီ တချို့မကောက်ရသေးတဲ့အလောင်းတွေလည်းရှိသေးတယ်တဲ့။ အားလုံးနီးပါးသေကုန်ကြပြီ၊ ထွက်ပြေးလွတ်မြောက်နေတာ ဘယ်နှစ်ယောက်မှမရှိပါဘူး” ဟု ပြောသည်။

အဆိုပါ တပ်သားများ၏အလောင်းများကို ကျေးရွာသုံးရေတွင်းအနီးတွေစုပုံထားပြီး ထွက်ပြေးလွတ်မြောက်နေသည့် တပ်သားများကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်များက လိုက်လံရှာ‌ဖွေဖမ်းဆီးနေသည်ဟု ကျေးရွာနှင့်နီးစပ်သူ ဒေသခံတစ်ဦးက ဆိုသည်။

“ရွာကို တစ်ရပ်ကွက်ပြီးတစ်ရပ်ကွက် မီးလိုက်ရှို့နေချိန် ရွာသားတွေလည်းဝင်ငြိမ်းလို့မရဖြစ်နေတော့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက သွားပစ်တာ မီးသွားငြိမ်းတဲ့သဘောပေါ့။ အလောင်းတွေကိုတော့ တစ်ရွာလုံးပေါင်း သုံးတဲ့ရေတွင်းနားမှာပုံထားကြတယ်တဲ့ တော်တော်လေးပုံနေပြီလို့ပြောတယ်။ အရှင်ဖမ်းမိတာက မနေ့ည ၄ ယောက်ဖမ်းမိပြီး ဒီမနက် ၁ ယောက် ပြန်ဖမ်းမိတယ်ဆိုပြီး ရှေ့တန်းကသူတွေပြောပြလာတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့တွင် တာမခန်ကျေးရွာရှိတပ်စခန်းပစ်ခတ်မှုကို ရပ်ဆဲရန်နှင့် ဆုတ်ခွာ ခြင်းမရှိပါက ဖားကန့်မြို့နယ်တွင်းရှိ ကျောက်စိမ်းလုပ်ငန်းပိုင်းဆိုင်ရာ အားလုံးကိုပိတ်ပင်ရပ်နားလိုက်မည် ဟု ခြိမ်းခြောက်ခဲ့ကြောင်း KIA ရင်းမြစ်က ထပ်ပြောသည်။

“တာမခန်ပစ်တာကိုရပ်ဖို့လည်း မနေ့ကထုတ်ပြန်ပြောဆိုလာတာမျိုးရှိတယ်။ တကယ်လို့ ထိုးစစ်ဆင်နေတာ ကိုမရပ်ရင် ဖားကန့်မှာရှိတဲ့ ကျောက်စိမ်းကုမ္ပဏီလုပ်ငန်းအကုန်လုံးကို ပိတ်ပင်မယ် ဘာညာဆိုပြီးပြောတာမျိုး လည်းရှိနေတယ်။ ကုမ္ပဏီသူဌေးတွေကိုလည်း ပစ်သတ်လိုက်မယ်လို့ပြောလာတယ်တဲ့ စာနဲ့တော့မဟုတ်ဘူး စကားနဲ့ တပ်မမှူးကိုဖုန်းခေါ်ပြီးပြောတာ” ဟု ပြောသည်။

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာကို စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့မှစတင်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ရပ်ကွက် ၃၊ ၄၊ ၅၊ ၆၊ ၇ ရှိ နေအိမ်များ၊ ဈေးဆိုင်များ၊ တာမခန်ကျောက်ဝိုင်း၊ နံနက်ဈေးနှင့် ဘုန်းကြီးကျောင်းတို့ မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်သည်။

တာမခန်ကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ ၁၁၉) စခန်းကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်က မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုအများအပြားရှိနေသည်။

သတင်း – Zami

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်

သင့်ထင်မြင်ချက်ရေးပေးပါ