ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) ၃၂၁ မှ ကားသုံးစီးဖြင့်ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား – ဗန်းမော်လမ်း ရွှေညောင်ပင်ကျေးရွာနှင့် အောင်မြေ ၁ ကျေးရွာကြားရှိ ကိုးမိုင်တွင် ယနေနံနက် ၆ နာရီခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ရွှေညောင်ပင်ကျေးရွာ စစ်ကောင်စီစခန်းကထွက်လာတဲ့လီဆူပြည်သူ့စစ်တွေ၊ စစ်တပ်တွေ စစ်ကြောင်းထိုးလာတာဟုတ်တယ်။ အဲ့တာကိုကိုးမိုင်မှာတိုက်နေတာဟုတ်တယ်။ အခုတော့ ထွက်လာတဲ့အဖွဲ့နဲ့အနီးကပ်တိုက်နေပြီ၊ လယ်တောမှာတိုက်နေပြီဟုတ်တယ်” ဟုပြောသည်။

အင်အား ၁၀၀ ခန့်ပါရှိသည့် စစ်ကြောင်းကို KIA ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်နေသောကြောင့် ဒေသခံပြည်သူများကလည်း ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေကြောင်း အောင်မြေ (၁) ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးသံတွေက ရေတွက်လို့မရတော့ဘူး။ သေနတ်သံတွေလည်းကြားနေရတယ်။ ဒီဘက်ကကျွန်တော်တို့လည်းပြာယာခတ်နေတယ်။ အခုကအားလုံးသတိထားနေရတယ်။ KIA က မနေ့ကတည်းက အောင်မြေ (၁) တွေ ကိုးမိုင်တွေမှာရှိနေပြီ၊ အဲ့မှာဟိုဘက်ကထိုးလာလို့ တိုက်ပွဲဖြစ်ကြတာဟုတ်တယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် ဒေသခံပြည်သူများနှင့် စစ်ရှောင်ပြည်သူများ ကျေးရွာအတွင်း ပိတ်မိနေကြောင်း သိရသည်။

ပြည်သူ့စစ်များစခန်းချနေထိုင်သည့် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာရှိ အင်လုံခစစ်ကောင်စီစခန်းနှင့် ကန်တော်ယန်ကျေးရွာအနီးရှိ မလိစစ်ကောင်စီတပ်စခန်းကိုလည်း KIA ပူးပေါင်းတပ်က ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ချိန် တပ်ဖွဲ့ဝင်အချို့ကို အရှင်ဖမ်းမိခဲ့ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်နှင့်ဖားကန့်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့်ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဆွမ်ပရာဘွမ်မြို့နယ်ရှိ မလိယန်စစ်ကောင်စီတပ်စခန်းကိုလည်း ယမန်နေ့ည ၁၁ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ