တိုက်ပွဲပြင်းထန်နေသည့် ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာအနီးစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော်ခန့် ပိတ်မိနေကြောင်းသိရသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ အောင်မြေ (၂) ကျေးရွာ နှစ်ခြင်းဘုရားကျောင်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ကျေးရွာအတွင်းရှိ နေအိမ်အချို့မီးလောင်ပျက်စီးမှုများလည်းရှိသည်ဟု ကျေးရွာရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“အောင်မြေ (၂) ဘုရားကျောင်းနားက အိမ်တချို့လည်းလောင်နေပြီတဲ့။ ဘုရားကျောင်းလည်းထိကုန်ပြီတဲ့။ လက်ရှိမှာတော့ လူမျိုးဘာသာအားလုံးပေါင်းပြီး တစ်နေရာထဲမှာပဲ လာကယ်မယ့်သူတွေကိုစောင့်နေကြတာပါ။ တစ်လမ်းသွားတော့ စကစနဲ့စကားပြော အဆင်မပြေမှုတွေရှိ နောက်တစ်လမ်းသွားတော့ အန္တရာယ်ရှိလို့ဆိုပြီး မသွားခိုင်းတာနဲ့” ဟု ပြောသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှလည်း ပိတ်မိပြည်သူများကို ကယ်ထုတ်ရန် ကြိုးပမ်းနေသော်လည်း ဝင်ခွင့်မရဘဲဖြစ်နေသည်ဟု ပါဝင်ဆောင်ရွက်နေသည့် ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“အဖွဲ့ချုပ်က ကား (၁၀) စီးနဲ့သွားတာ ဘယ်လိုမှ ဝင်သွားလို့မရဘူးဖြစ်နေတယ်။ လေယာဉ်နဲ့ လာပစ်နေလို့ အန္တာရာယ်များတယ်ဆိုပြီး ဝင်ခွင့်မပြုသေးချိန် လေယာဉ်ထပ်လာပြန်တော့ ကျွန်တော်တို့ပါ တစ်ခါထပ်နေကြရပါတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် ရွှေညောင်ပင်ကျေးရွာ၊ ကဇူး၊ ဒဘတ်ကျေးရွာ၊ အောင်မြေ (၁) နှင့် အောင်မြေ (၂) ကျေးရွာများမှ ပြည်သူများက အောင်မြေ (၁) ကျေးရွာရှိ ကချင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းတွင် ထွက်ပြေးတိမ်းရှောင်နေကြပြီး အခြားနေရာသို့တိမ်းရှောင်နိုင်ရန် ကူညီကယ်ဆယ်ရေးအဖွဲ့များကို စောင့်မျှော်နေကြကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) ၃၂၁ မှ ကားသုံးစီးဖြင့်ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို KIA ပူးပေါင်းတပ်က အောင်မြေ (၁) ကျေးရွာအနီးရှိ ကိုးမိုင်တွင် ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

မြစ်ကြီးနား – ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်များက ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တပ်စခန်းကြီးများနှင့် ကာကင်းစခန်းများ အပါအဝင် တပ်စခန်း ၁၀ ခုထက်မနည်းကို သိမ်းပိုက်ထားသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ