တိုက်ပွဲအခြေအနေကြောင့် မြစ်ကြီးနား – ပူတာအိုလမ်းကို ယနေ့နံနက်မှစတင်ကာ သွားလာခွင့်ယာယီပိတ်ထားကြောင်း ကားသမားများထံမှသိရသည်။

စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) နှစ်ဖက်စလုံးမှ သွားလာခွင့်ပိတ်ပင်ထားပြီး ခရီးသည်ယာဉ်အချို့ ခင်ဒူယာန်ကျေးရွာတွင် ပိတ်မိနေကြောင်း အမည်မဖော်လိုသူ ကားသမားတစ်ဦးက The 74 Media ကို ပြောသည်။

“လမ်းပေါ်မှာက တိုက်ပွဲတော့ မဖြစ်ဘူး၊ လက်နက်ကြီးသံတွေတော့ အဝေးကနေကြားရတယ်။ တိုက်ပွဲမရှိတာကို လမ်းက မသွားခိုင်းဘူး၊ သူတို့လမ်းကြောင်းရှိလို့လားတော့ မသိဘူး။ စစ်တပ်ဘက်ကရော ကေအိုင်အေဘက်ကရော နှစ်ဖက်စလုံးပိတ်တယ်လို့ပြောတယ်။ ကြာသပတေးနေ့ ဆင်းသွားတဲ့ကားတွေကိုတော့ ကေအိုင်အေက မှာလိုက်တယ်၊ သုံးလေးရက်လောက် မတက်လာနဲ့နော် ဆိုပြီးပြောလိုက်တယ်” ဟုပြောသည်။

မြစ်ကြီးနား-ပူတာအို လမ်းပိတ်ထားသောကြောင့် ခရီးသည်တင်ကားသွားလာမှုကို ယာယီပိတ်ထားကြောင်း ပူတာအိုမြို့ရှိ ကားဂိတ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့ညထိတော့ သွားလို့ရတာ ဟုတ်တယ်၊ ဒီနေ့ကတော့ ကားတွေ ဖြတ်မရတော့ဘူး။ ဂိတ်က ကားတွေလည်း ခင်ဒူယာန်မှာ ပိတ်မိနေတာ။ မြစ်ကြီးနားဂိတ်ကနေလည်း အခုက ကားမထွက်တော့ဘူး၊ ပူတာအိုဘက်ကနေလည်း အခုက မထွက်ဘူး ပိတ်ထားတာပေါ့။ တချို့ကျတော့ ခင်ဒူယာန်မှာတော့ သုံးလေးရက်လောက်ကြာမှာလို့ ပြောတာ ဟုတ်တယ်၊ တချို့တွေကျတော့ ရက်အကန့်အသတ်မရှိ လမ်းပိတ်တယ်ပြောတာပဲ၊ အတိအကျတော့ မပြောတတ်သေးဘူး” ဟု ပြောသည်။

သွားလာခွင့် ပိတ်ထားသောကြောင့် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဒီနေ့ထူးခြားတာကတော့ ပူတာအို-ဆွမ်ပရာဘွမ်လမ်းကို ကေအိုင်အေကနေ ပိတ်လိုက်ပါပြီ။ ရက်အကန့်အသတ်တော့ မသိရသေးဘူး၊ ဘယ်နှစ်ရက်ကြာ ပိတ်မလဲဆိုတာ။ စာထုတ်ပြန်ထားတော့ မရှိပါဘူး။ လုပ်ငန်းအကြီးကြီး စဖို့ လမ်းပိတ်လိုက်တယ်လို့ မြင်တယ်” ဟုပြောသည်။

မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့သည် မိုင်ပေါင်း ၂၀၀ ကျော်ကွာဝေးပြီး ကားဖြင့် တစ်နေ့တာသွားရသောခရီးဖြစ်သည်။

ဆွမ်ပရာဘွမ်မြို့နယ်မှ မလိယန်ကျေးရွာရှိ ခ.လ.ရ (၄၆) စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တို့ ယမန်နေ့ညနေပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့နယ်ရဲစခန်းမှ ရဲစခန်းမှူးအပါအဝင် ရဲ ၁၃ ဦး လက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

ပုံစာ – ၂၀၂၃ ခုနှစ် မတ်လက မြစ်ကြီးနား – ပူတာအိုလမ်းတွင် KIA နှင့် PDF တပ်ဖွဲ့ဝင်များက ကားများကို စစ်ဆေးနေစဉ်(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ