ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသောကြောင့် မြစ်ကြီးနားလေဆိပ်မှ လေကြောင်းခရီးစဉ်များအားလုံး ယနေ့မှစတင်ကာ အရေးပေါ်ပယ်ဖျက်လိုက်ကြောင်းသိရသည်။

မြစ်ကြီးနားမြို့လေဆိပ်အနီး ယမန်နေ့ညက လက်နက်ကြီးပစ်ခတ်သံများကြားခဲ့ရပြီးနောက် ယနေ့ နံနက်ပိုင်းမှစတင်ကာ အရေးပေါ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့ရှိ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက The 74 Media ကိုပြောသည်။

“အခုလောလောဆယ် ဒီနေ့အရေးပေါ်ပိတ်လိုက်တယ်။ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာတော့ မသိသေးဘူး။ မနေ့ညတုန်းက လက်နက်ကြီးတွေပစ်ကြတယ်ထင်တယ်။ အသံ သုံး၊ လေးသံတော့ကြားတယ်။ လေဆိပ်အနီးမှာပစ်ကျတော့ လမ်းတွေဘာတွေပျက်သွားတယ်ထင်တယ်။ ဗန်းမော်လေဆိပ်လည်း အဲဒီလိုမျိုးပိတ်ထားတာဟုတ်တယ်” ဟုပြောသည်။

မြစ်ကြီးနားလေဆိပ် မည်သည့်အကြောင်းကြောင့် ပိတ်လိုက်သည်ကိုသိရှိနိုင်ရန် The 74 Media က မြစ်ကြီးနားလေဆိပ်မန်နေဂျာထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိသေးပါ။

ယနေ့အတွက်လေကြောင်းခရီးစဉ်များအားလုံး ပယ်ဖျက် Cancel ဖြစ်ကြောင်းနှင့် မည်သည့်အချိန် ပြန်ဖွင့်မည်ကို မသိရှိရကြောင်း အရောင်းကိုယ်စားလှယ်အခြားတစ်ဦးက ဆိုသည်။

“ဒီနေ့အတွက်က အကုန်လုံး Cancel ပါခင်ဗျ။ အခြေနေအပေါ်မှာ မူတည်ပြီးတော့လုပ်တာဆိုတော့လေ။ နိုင်ငံရေးအခြေအနေကြောင့်ပါခင်ဗျ” ဟုဆိုသည်။

မြစ်ကြီးနားမြို့တွင် ယမန်နေ့ညမှစတင်ကာ ယနေ့ နံနက်ပိုင်းအထိ လက်နက်ကြီး ပစ်ခတ်သံ၊ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်နေပြီး မြို့ခံပြည်သူက စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

ဗန်းမော်မြို့လေယာဉ်ကွင်းလည်း ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့နံနက်က ၁၀၇ မမဖြင့် နှစ်ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လေယာဉ်ပြေးလမ်းထိခိုက်ပျက်စီးခဲ့သဖြင့် ခရီးစဉ်များအားလုံး အကန့်အသတ်မရှိ ယာယီရပ်နားထားခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ