တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ယမန်နေ့ ညနေ ၄ နာရီခန့်က ဗန်းမော်မြို့တွင် အမျိုးသမီးတစ်ဦးသေဆုံးပြီး အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့ ဧရာဝတီမြစ်အနောက်ဖက်ကမ်း စင့်ကင်ကျေးရွာတွင် နာရေးအိမ်မှ ပြန်လာသည့် အမျိုးသမီးတစ်ဦး လက်နက်ကြီးစထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက The 74 Media ကို‌ ပြောသည်။

“သူက နာရေးအတွက် လိုတာသွားလုပ်ရင်းနဲ့ အထွက်မှာ လက်နက်ကြီးကျပြီး လက်နက်ကြီးစ မှန်ပြီးသေတာ။ နောက်ယောကျ်ားလေးတစ်ယောက် ထိထားတယ်။ အခုကအဆက်သွယ်မရဘူး ဖုန်းလိုင်းတွေလည်းဖြတ်ထားတယ်” ဟုဆိုသည်။

သေဆုံးခဲ့သူမှာ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဒေါ်ဝင်းချစ်ဆိုသူဖြစ်ပြီး အဆိုပါရွာရှိ သရက်ကုန်း ဘုန်းကြီးကျောင်းဝန်းတွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသေဆုံးမှုများ ရှိလာသဖြင့် ဒေသခံသုံးထောင်ခန့်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။

“လူတွေထိ ဘာထိဖြစ်လာပြီဆိုတော့ မရှောင်လို့လည်းမရတော့ဘူးလေ။ ကျွန်တော်ကတော့ တစ်နေ့ကတည်းက ရှောင်ခဲ့တာ။ သူတို့ဒီဘက်ကို စပစ်ပြီဆိုကတည်းက။ ပထမတစ်ရက်က ရွာအစပ်မှာ ကျတာ နွားတစ်ကောင်နဲ့ ဝက်တစ်ကောင်သေသွားတာ။ မနေ့ကကျတော့ ရွာထဲမှာကျရော” ဟုဆိုသည်။

စင့်ကင်ကျေးရွာဒေသခံများမှာ ဗန်းမော်မြို့အပါအဝင် နီးစပ်ရာတောတောင်များနှင့် ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ဗန်းမော်မြို့၊ တာပိန်မြစ်ပေါ်တွင်တည်ဆောက်ထားသည့် စင့်ကင်ကျေးရွာနှင့် ရွှေကျီးနားရပ်ကွက်ကိုဆက်သွယ်ထားသည့် ပေတစ်ထောင်ကျော်ရှည်သည့် ဝါးတိုင် ပျဉ်ခင်းတံတားကို စစ်ကောင်စီက အကြောင်းပြချက်တစ်စုံတစ်ရာပြောခြင်းမရှိဘဲ ဖျက်ခိုင်းခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း ဧရာဝတီမြစ် အနောက်ဘက်ကမ်း အလယ်ကျွန်းရှိ မိုးစိမ်းကျွန်းနှင့် မိုင်းကာကျေးရွာသို့ အမှတ် -၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ဗျူဟာကုန်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Thu Ta

ပုံ – စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့သော အသက် ၅၀ နှစ်ခန့်အရွယ် ဒေါ်ဝင်းချစ်။

 

 

သင့်ထင်မြင်ချက်ရေးပေးပါ