KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ ကစဲန်ကောင် (Kasen Kawng) စစ်ကောင်စီစခန်းနှင့် ခယာဘွမ်(Hkaya Bum)စခန်းကို ယနေ့ နေ့လယ် တစ်နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ အလံဖြူထောင်ကာ လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။

လိုင်ဇာမြို့နှင့် ၁၈မိုင်ခန့်ဝေးသည့် စစ်ကောင်စီအင်အား ၁၀၀ ကျော်စခန်းချနေထိုင်သည့် ကစဲန်ကောင်တပ်စခန်းကို မတ်လ ၇ ရက်နေ့မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ယနေ့ သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့စခန်းက တပ်မမှူးထိုင်တာဟုတ်တယ်။ ဗျူဟာမှူးလည်းထိုင်တယ်။ ဗျူဟာမှူးထိုင်ရင်တောင် အနည်းဆုံး အင်အားက ၈၀ လောက်ရှိတယ်။ တပ်မမှူးလည်းထိုင်တော့ အင်အားတော်တော်များတာဟုတ်တယ်။ KIA တွေထိုးစစ်ဆင်တဲ့နေ့ကစပြီးတိုက်နေတာ၊ ဒီနေ့မှ အပြီးသိမ်းနိုင်တာဟုတ်တယ်” ဟုပြောသည်။

ကစဲန်ကောင်တပ်စခန်းသည် မြစ်ကြီးနား – ဗန်းမော်လမ်းသွားလမ်းရှိ လိုင်ဇာမြို့နှင့်နီးစပ်သည့် အချက်အခြာကျသောတပ်စခန်းဖြစ်ကာ စခန်းသိမ်းပိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် အလံဖြူထောင်ကာ လက်နက်ချအညံ့ခံခဲ့ကြောင်း သူကဆက်ပြောသည်။

“လဂျားယန်နဲ့လည်းနီးတယ်။ လိုင်ဇာကိုလည်း သူတို့ထိန်းထားတဲ့စခန်းပုံစံဟုတ်တယ်။ အဲ့ကုန်းတွေက အချက်အခြာကျတာဟုတ်တယ်။ လိုင်ဇာကို ပုံမှန်နှောက်ယှက်နိုင်တဲ့စခန်းဟုတ်တယ်။ လက်နက်တွေလည်းအများကြီးသိမ်းနိုင်ခဲ့တယ်။ ဓာတ်ပုံတွေ မလွင့်သေးလို့သာမသိသေးတာ။ အားလုံးသိမ်းနိုင်ခဲ့တယ်။ သေတာလည်းအများကြီးသေပြီ၊ လက်နက်ချတာတွေလည်းအများကြီးဟုတ်တယ်” ဟုပြောသည်။

အဆိုပါတပ်စခန်းသိမ်းပိုက်ပြီးနောက် အနီးရှိ စစ်ကောင်စီတပ်၏ ခယာဘွမ်စခန်းကိုလည်း ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယုံကြည်ထိုက်သော KIA နှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မနက်ပိုင်းတော့ ကစဲန်ကောင်ကို သွားတိုက်ခိုက်တာ သိမ်းပိုက်လိုက်နိုင်တာ။ ခယာဘွမ်ကိုလည်းတစ်ပြိုင်ထဲတိုက်ခိုက်သိမ်းနိုင်ခဲ့တာ၊ အခုကခယာဘွမ်၊ ဘွမ်ရဲဘွမ်တွေမှာစခန်းအကြီးလက်နက်ကြီးထားတဲ့နေရာတွေကိုတော့ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီ၊ သူတို့ကိုကာထားတဲ့ ကာကင်းတွေအားလုံးကိုတော့ မသိမ်းနိုင်သေးဘူး၊ စခန်းငယ်တွေကအများကြီးဆိုတော့ တိုက်ခိုက်နေတုန်းပဲဟုတ်တယ်” ဟုပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးထိခိုက်မှု အခြေအနေကို မသိရှိရသေးပါ။

မြစ်ကြီးနား – ဗန်းမော်သွားလမ်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်များက ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တပ်စခန်းကြီးများနှင့် ကာကင်းစခန်းများအပါအဝင် တပ်စခန်း ၁၂ ခုထက်မနည်းကို သိမ်းပိုက်ထားသည်။

လက်ရှိ ကချင်ပြည်နယ်တွင် ဆွမ်ပရာဘွမ်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာမှ KIA တပ်ဖွဲ့ဝင်နှစ်ဦးကိုတွေ့ရစဉ်။(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ