စစ်ကောင်စီတပ်၏ ဒရုန်းကြောင့် ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာမှ သက်ကြီးရွယ်အို အမျိုးသမီးနှစ်ဦး ယနေ့ သေဆုံးခဲ့ကာ ကလေးငယ်နှစ်ဦးအပါအဝင် စုစုပေါင်း သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူများတိုက်ပွဲကြားတွင် ပိတ်မိနေဆဲဖြစ်ကြောင်းသိရသည်။

အောင်မြေ (၂) ကျေးရွာတွင်ပိတ်မိနေသည့် အရပ်သားများကို ကူညီကယ်ဆယ်နိုင်ခြင်းမရှိသေးသည့်အပြင် အသက် (၁၀၀) ခန့်အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် (၆၅) နှစ်အရွယ် အမျိုးသမီးနှစ်ဦးတို့သည် နေအိမ်တွင်ရှိနေစဉ် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း ကျေးရွာရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ အောင်မြေ (၂)ရွာက ပြည်သူတွေကိုမကယ်ထုတ်နိုင်သေးဘူး။ ဘယ်လိုမှ မကယ်နိုင်သေးဘူးဖြစ်နေသေးတယ်။ အဖွားအိုနှစ်ယောက်လည်း ဒရုန်းလက်နက်အိမ်မှာကျလို့ ဆုံးသွားပြီ။ ဒရုန်းက ငှက်အုပ်လိုပဲ။ လေယာဉ်နဲ့လည်းပစ်သေးတယ်။ လက်နက်ကြီးနဲ့လည်းလှမ်းထုသေးတယ်” ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက် (၆) နှစ်အရွယ် ကလေးငယ်သည် ဦးခေါင်းတွင်လက်နက်ကြီးစ ထိမှန်ပြီးပြင်းထန်ခဲ့ပြီး အသက် (၁၃) နှစ်အရွယ်ရှိ ကလေးငယ်မှာ ညာဘက်ခြေထောက်နှင့် ဦးခေါင်းတွေထိမှန်ထားကာ အသက် (၆၀) ကျော်အရွယ် အမျိုးသမီးမှာ ညာဘက်လက်တွင် ထိမှန်ထားသဖြင့် ဆေးဝါးကုသရန် အရေးပေါ်လိုအပ်နေသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးကဆက်ပြောသည်။

“တိုက်ပွဲအရမ်းဖြစ်နေလို့ အလောင်းတွေကို အိမ်မှာပဲထားခဲ့ရတယ်။ အခုချိန်ထိပြန်မယူနိုင်သေးဘူး။ ဒဏ်ရာရရှိသူတွေကတော့ ကလေးနှစ်ယောက်နဲ့ အဖွားတစ်ယောက်ဟုတ်တယ်။ ခေါင်းထိထားတဲ့ ကလေးမလေးက သွေးတွေအရမ်းထွက်နေတာ။ ကျွန်မတို့အနေနဲ့ ဆေးဝါးကုသတာတွေ မလုပ်နိုင်သေးဘူးဖြစ်နေကြရပါတယ်” ဟု ပြောသည်။

အောင်မြေ (၂) ကျေးရွာတွင် အရပ်သားပြည်သူ ၉၀၀ ကျော်သည် တိုက်ပွဲကြားပိတ်မိနေပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဖြင့်တိုက်ခိုက်မှုပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များစခန်းချနေထိုင်သည့် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာရှိ အင်လုံခစစ်ကောင်စီစခန်းနှင့် ကန်တော်ယန်ကျေးရွာအနီးရှိ မလိစစ်ကောင်စီတပ်စခန်းကိုလည်း KIA ပူးပေါင်းတပ်က မတ်လ ၇ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ကို အရှင်ဖမ်းမိခဲ့သည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ