တိုက်ပွဲတွင်သေဆုံးသွားခဲ့သော ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း၏ အသုဘကို မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်ရှိ ရွှေဒူးလေးကုမ္ပဏီရုံးတွင် လူဦးရေတစ်ရာခန့်ဖြင့် လုံခြုံရေးတင်းကြပ်စွာပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးရွှေမင်း၏ရုပ်အလောင်းကို ပမ္မတီးကျေးရွာအုပ်စု၊ အားဆာကျေးရွာရှိ လီဆူရိုးရာယဉ်ကျေးမှုကွင်းအနီးရှိ သုသာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်ဟု နာရေးတက်ရောက်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ပမ္မတီး အားဆာရွာ လီဆူယဉ်ကျေးမှုကွင်းဘေးနားက သင်္ချိုင်းမှာ မြေမြှုပ်လိုက်တာဟုတ်တယ်။ လုံခြုံရေးတင်းကြပ်နေတာပဲ အဲ့လိုနဲ့လုပ်တာ၊ အချိန်ကတော့ ၁၂ နာရီကနေတစ်နာရီလောက်ထိတော့ ဆုတောင်းချိန်ဟုတ်တယ်၊ ဆုတောင်းပြီးပြီးချင်းမြှုပ်လိုက်လို့ မြှုပ်တဲ့အချိန်ကတော့ နှစ်နာရီလောက်မှာပေါ့” ဟုပြောသည်။

နာရေးပွဲကို လူတစ်ရာခန့်တက်ရောက်ခဲ့ကြောင်းသူကဆိုသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းသည် မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ဝိုင်းမော်မြို့နယ် ခါးရှီကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဦးရွှေမင်းသည် စစ်ကောင်စီက ချီးမြှင့်သည့် သီရိပျံချီဘွဲ့ကိုရရှိထားပြီး ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို အနိုင်ရရှိခဲ့သူဖြစ်သည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က ဝိုင်းမော်မြို့နယ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်းခဲ့သူဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က လီဆူလူမျိုးများ တစ်အိမ်တစ်ဦး စစ်မှုမထမ်းနေရဥပဒေကို ထုတ်ပြန်ခဲ့သူဖြစ်ကြောင်းသိရသည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ