စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်များစွန့်ပစ်ကာ ထွက်ပြေးသွားသဖြင့် ဖားကန့်မြို့၊ တာမခန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်က ယနေ့ညနေပိုင်းတွင် သိမ်းဆည်းလိုက်ကြောင်း သိရသည်။

တာမခန်အခြေစိုက် ခြေမြန်တပ်ရင်း (ခ.မ.ရ) ၁၁၉ စခန်းကုန်းရှိ အင်အား ၇၀ ခန့်က စခန်းကို စွန့်ခွာထွက်ပြေးနိုင်မည့်လမ်းကြောင်းဖွင့်ထားပေးရန် တောင်းဆိုသဖြင့် KIA ပူးပေါင်းတပ်က ခွင့်ပြုပေးခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“၇ နာရီမှာထွက်သွားကြပြီ။ အယောက် ၇၀ ရှိတယ်တဲ့ ကသိုဏ်းတောင်ကိုထွက်သွားကြတယ်တဲ့။ သူတို့ထွက်သွားတာနဲ့ ကျွန်တော်တို့ဘက်ကလူတွေက ဘက်ဖိုးနဲ့သွားကုတ်လိုက်ပြီး သွားထိုင်နေကြပြီ” ဟုဆိုသည်။

စခန်းစွန့်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သေနတ် ၂၄ လက်နှင့် ကျည်ဆံအနည်းငယ်သိမ်းဆည်း ရမိခဲ့ကြောင်း သူကဆက်ပြောသည်။

ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာကို KIA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့က သိမ်းဆည်းနိုင်ခြင်းသည် စစ်ရေးအရထူးခြားသည့် ပြောင်းလဲမှုဖြစ်သည်ဟု ကချင်စစ်ရေးလေ့လာသူတစ်ဦးက ဆိုသည်။

“KIA က ဖားကန့်ဝင်ပေါက်၊ ထွက်ပေါက်တွေကို ကိုင်လိုက်တဲ့သဘောဖြစ်သွားပြီ။ ဖားကန့်အတွက် အရေးပါတဲ့ လမ်းကြောင်းတွေကို KIA က ထိန်းချုပ်လိုက်နိုင်တဲ့သဘော။ ဒါဟာ ဖားကန့်နဲ့ ကျောက်စိမ်းလုပ်ငန်းကို အကျိုးသက်ရောက်မှုရှိလာနိုင်တယ်” ဟုဆိုသည်။

ဖားကန့်မြို့နယ်ကို KIA က မည်သို့ကိုင်တွယ်မည်ကို ဆက်လက်စောင့်ကြည့်ရမည်ဟု သူကဆိုသည်။

ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာရှိစစ်ကောင်စီစခန်းများကို ဖေဖော်ဝါရီ ၂၆ ရက်ညမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းကို ယင်းနေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

တာမခန်ထိုးစစ်တွင်အထိနာခဲ့သည့် စစ်ကောင်စီတပ်က တိုက်ခိုက်မှုများ မရပ်တန့်ပါက ကျောက်စိမ်းလုပ်ကွက်များနှင့် လုပ်ငန်းရှင်များကို ပစ်ခတ်သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

သတင်း – Hkashi, Zami

သင့်ထင်မြင်ချက်ရေးပေးပါ