ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့က ထပ်မံသိမ်းပိုက်ခဲ့ပြီး စုစုပေါင်း မြို့ (၇) မြို့ကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်၏ တစ်ခုတည်းသောလက်ကျန်တပ်ရင်းဖြစ်သည့် ခ.မ.ရ (၅၅၀) ကို တိုက်ခိုက်သိမ်းယူပြီးနောက် ပုဏ္ဏားကျွန်းတစ်မြို့လုံးကို ထိန်းချုပ်ထားကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ တပ်ရင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို သိမ်းပိုက်ပြီးနောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၁ ရက်အကြာတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့ကို လက်လွှတ်လိုက်ရသည့် စစ်ကောင်စီက ရသေ့တောင် – ပုဏ္ဏားကျွန်းကားလမ်းမရှိ စေတီပြင်တံတားကို ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ၁၂ ကြိမ်တိုင် လာရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရသေ့တောင်မြို့နယ်တွင် ကျန်ရှိနေသည့် စစ်ကောင်စီတပ်ရင်းစခန်း သုံးခုကိုလည်း AA က သိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် အချိန်မှစပြီး မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် စစ်ကောင်စီစခန်းပေါင်း ၂၀၀ ကျော်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပြီးဖြစ်သည်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်ကာ တစ်လကျော်ကာလအတွင်း စစ်ကောင်စီတပ်၏ စစ်သင်္ဘော ခုနှစ်စီးကို သွားလာမရအောင်နှင့် မြစ်အတွင်းရေချမရအောင် ပြုလုပ်ခဲ့ပြီး လေးစီးကိုတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ