ယာဉ်တိုက်မှုမကြာခဏဖြစ်ပွားလေ့ရှိသော မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၊ ယူနန်ဘုံကျောင်းလမ်းဆုံတွင် ယနေ့ နံနက် ၉ နာရီခန့်က ကုန်တင်ယာဉ်နှင့် အိမ်စီးကား ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

စည်ပင်သာယာလမ်းအတိုင်း ယုဇနရပ်ကွက်မှ မြို့သစ်ရပ်ကွက်သို့လာသော တိုယိုတာ NOAH ကားက ရွှေတောင်ကြားလမ်းအတိုင်း တောင်မှမြောက်သို့လာသော ကုမ္ပဏီကုန်ကားကို ဝင်တိုက်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“NOAH ကားက ဝင်တိုက်တာ မှောက်သွားတာက ကုမ္ပဏီကား မိန်းကလေးတွေမောင်းခဲ့တာ။ NOAH ကား မောင်းတာက တရုတ်အမျိုးသား။ ကျွန်တော့်အရှ့မှာတင်ဖြစ်တာ လူတော့ဘာမှမဖြစ်ဘူး။ လူနာတင်ယာဉ်တော့ ရောက်လာတယ်” ဟုပြောသည်။

ယာဉ်တိုက်မှုတွင် လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်းနှင့် အဆိုပါနေရာတွင် မကြာခဏ ယာဉ်တိုက်မှုဖြစ်လေ့ရှိကြောင်း ဧရာဝတီကရုဏာ လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ထပ်ပြောသည်။

“နှစ်ဖက်စလုံးက ယာဉ်မောင်းတွေထိခိုက်တာတွေဘာမှမရှိကြဘူး။ တစ်ခုခုတော့လုပ်ရတော့မယ် ဘာဖြစ်လို့လဲဆိုတော့ အဲ့နေရာက မကြာမကြာ ခဏခဏကို ယာဉ်တိုက်မှုတွေဖြစ်တယ် အန္တာရာယ်ရှိတဲ့နေရာဟုတ်တယ်။ ယာဉ်မောင်းတွေလည်း စည်းကမ်းအရမ်းမဲ့လို့ဖြစ်တာပါ” ဟု ပြောသည်။

မြစ်ကြီးနားတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအလွန်အားနည်းသဖြင့် မကြာခဏ ယာဉ်တိုက်မှု ဖြစ်ပွားလေ့ရှိကာ အသက်သေဆုံးမှုများလည်းရှိသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ယာဉ်တိုက်မှု ၁၈၀ မှု၊ ဒဏ်ရာရရှိမှု ၁၉၈ မှုနှင့် သေဆုံးမှု ၁၂၇ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း – Zami

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ