မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ယနေ့နံနက် ၇ နာရီခွဲခန့်က အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီး နေရာတွင်သေဆုံးသွားကြောင်း သိရသည်။

ရွှေလမ်းမကြီးပေါ်ရှိ Smile KTV အနီး ဆိုင်ကယ်တိုက်ခံရပြီး လဲနေသောအမျိုးသမီးကို ကားကပြန်တိုက်သွားခြင်းသဖြင့် ဦးခေါင်းကြေမွကာ သေဆုံးသွားခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့/ မြစ်ကြီးနားမှတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“အလုပ်သွားချိန်ဖြစ်သွားတာ၊ ပတ်ဝန်းကျင်ပြောတာက ဆိုင်ကယ်ချင်းမတော်တဆမှုဖြစ်ပြီး လဲနေတဲ့အချိန် ကားတစ်စီးနဲ့ပြန်တိုက်သွားလို့ဖြစ်သွားတာလို့ပြောတယ်။ တိုက်တဲ့ဆိုင်ကယ်လည်း ထွက်ပြေးသွား၊ ကားလည်းတိုက်ပြီးထွက်ပြေးသွားပြီ။ ကျွန်တော်တို့ရောက်တော့ ခြေထောက်က ဆိုင်ကယ်ပေါ်မှာတင်ပြီးလဲနေတာတွေ့ရတယ်” ဟုပြောသည်။

သေဆုံးနေသည့် အမျိုးသမီးမှာ ဦးခေါင်းနောက်စေ့နှင့်မျက်နှာတစ်ခြမ်း ကြေမွဒဏ်ရာ၊ ညာဘက်လက်မောင်း ထိခိုက်ဒဏ်ရာရရှိထားကာ ကားနှင့် ကြိတ်ခံရသောကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူအမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့ရောက်တဲ့ချိန်က တိုက်တဲ့ကားမရှိတော့ဘူး။ ဘေးမှာအရင်ရောက်နေတဲ့သူတွေပြောတာတော့ ကားကြီးနဲ့ကြိတ်ပြီးထွက်ပြေးသွားတာတဲ့။ တိုက်ခံရတာကို ကြည့်တော့မကြည့်တတ်တော့ဘူး၊ ကြေလည်းကြေနေပြီဆိုတော့ အရမ်းကြီးအနီးကပ်လည်းမကြည့်ရဲဘူးလေ အဲ့လိုမျိုးဆို” ဟုပြောသည်။

သေဆုံးသွားသည့် အသက် ၃၀ ခန့်အရွယ်ရှိ အမျိုးသမီးသည် မြစ်ဖျားဧရာကားကြီးကွင်းရှိ ဂျိန်းဖော့ဧရာကားဂိတ်တွင် စားရေးမလုပ်ကိုင်နေသူဟု သိရှိရကာ ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း စီတာပူရပ်ကွက် ဒူဝါဇော်ရစ်လမ်း ဒေသအခေါ် ဂျပန်တံတားလမ်းရှိ ဇေယျာမင်းဆီဆိုင်ရှေ့တွင်လည်း ဆိုင်ကယ်ချင်းယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသမီးတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့်နေရာတွင် သေဆုံးခဲ့သည်။

သတင်း – Doi Awng, Zami

ဓါတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့/ကချင်ပြည်နယ်/ မြစ်ကြီးနား

 

သင့်ထင်မြင်ချက်ရေးပေးပါ