ဖားကန့်မြို့နယ်တွင် ယမန်နေ့ညက ကျောက်စိမ်းကုမ္ပဏီဝန်ထမ်းအပါအဝင် အမျိုးသားသုံးဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားကြောင်းသိရသည်။

ဆိပ်မူအုပ်စု၊ ကောင်ဆန်ကျေးရွာရှိ မြန်မာ့တခေါင်းကုမ္ပဏီလုပ်ကွက်မှ ကုမ္ပဏီဝန်ထမ်းနှစ်ဦးကို ယမန်နေ့ည ၈ နာရီခန့်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု စိန်လုံအောင် ကျောက်စိမ်းကုမ္ပဏီဝန်ထမ်းတစ်ဦးက The 74 Media ကိုပြောသည်။

“ရာထူးအကြီးပိုင်းထဲက နှစ်ယောက်ကို လုပ်ကွက်လုပ်နေတဲ့အချိန်ကြီး လာဝင်ခေါ်သွားတယ်။ ဖမ်းသွားပြီဆိုတဲ့ သတင်းကြားကြားချင်းပဲ အနီးနားကကုမ္ပဏီတွေလည် အလုပ်ချက်ချင်းနားလိုက်ကြတယ်” ဟုပြောသည်။

လာရောက်ဖမ်းဆီးသူ ၂၀ ခန့်ပါဝင်သည်ဟု သူကဆိုသည်။

မနကျေးရွာတွင်နေထိုင်သည့် ကျောက်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုမျိုးဆိုသူကိုလည်း အိမ်စီးကားနှစ်စီးဖြင့် နေအိမ်မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အဆိုပါကျေးရွာနေ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောသည်။

“လာခေါ်တဲ့သူတွေက လူငယ်ပိုင်းလေးတွေပဲ။ ကားနှစ်စီး တစ်စီးက ဖိုးဝှီးအပြာရောင်နဲ့ သေနတ်တွေနဲ့ထောက်ပြီး ခေါ်သွားတာလို့ပြောတယ်။ ညနေကတည်းက အဲ့ကားနှစ်စီးက ရှရော်ခကသူအိမ်နားမှာစောင့်နေတာ ဟုတ်တယ်” ဟုပြောသည်။

လာရောက်ဖမ်းဆီးသွားသည့် လက်နက်ကိုင်အဖွဲ့အစည်းနှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မလောင်အုပ်ချုပ်ရေးမှူးကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အရပ်ဝတ်နှင့် အမည်မသိလူတစ်စုက သေနတ်ပစ်ဖောက်ကာဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်

သင့်ထင်မြင်ချက်ရေးပေးပါ