စစ်ကောင်စီပူးပေါင်းတပ်များ၏ မီးရှို့ဖျက်ဆီးမှုနှင့် လေကြောင်းမှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာရှိ ရပ်ကွက်ငါးခုထက်မနည်းတွင် မီးလောင်ပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိလည်း မီးလောင်နေဆဲဖြစ်ကြောင်း သိရသည်။

ဟောင်ပါးအုပ်စု၊ တာမခန်ကျေးရွာ ရပ်ကွက် ၃၊ ၄၊ ၅၊ ၆၊ ၇ တို့ရှိ နေအိမ်များ၊ ဈေးဆိုင်များ မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ပြီး နံနက်ဈေးတွင်လည်း မီးလောင်နေကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အခုချိန်ထိလောင်နေတုန်းပဲ အခုပိုဆိုးပြီ လေယာဉ်လာပစ်လို့လောင်တာနဲ့ စစ်ကောင်စီတွေရှို့လို့ လောင်တာနဲ့ဆိုတော့ အများကြီးပါကုန်ပြီ။ ပြောတောင်မပြောချင်တော့ဘူး တစ်ရွာလုံးပါတော့မယ်ထင်တယ်။ ရပ်ကွက် ၇၊ ၈ ဘက်တွေလည်းလောင်နေပြီ။ တာမခန်မနက်ဈေးလည်းလောင်နေပြီ” ဟုပြောသည်။

ယမန်နေ့ကလည်း ရပ်ကွက် (၃) ရှိနေအိမ်အချို့ မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က စခန်းပြန်လည်ရရှိလိုသောကြောင့် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု အသက် ၃၁ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးကပြောသည်။

“ရပ်ကွက် ၃ က အိမ်တွေရှို့ခံနေရတာပါ။ အိမ်ခြေတစ်ဝက်ကျော်လောက် မီးထဲပါသွားပြီ တိုက်ပွဲကလည်း ဖြစ်နေတုန်းပဲ။ စစ်ကောင်စီက သူတို့စခန်းပြန်ရဖို့အရေးကို အားကုန်ကြိုးစားနေတယ်” ဟု ပြောသည်။

မီးလောင်မှုကြောင့် ပျက်စီးသွားသည့် အရေအတွက်ကို အတိအကျမသိရသေးသော်လည်း တာမခန်ကျောက်ဝိုင်း၊ အထည်ဆိုင်ကြီးများနှင့် ကုန်စုံဆိုင်ကြီးများ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ကနဦးသိရသည်။

လက်ရှိအချိန်တွင် တာမခန်ကျေးရွာ ဒေသခံပြည်သူများက နီးစပ်ရာကျေးရွာများနှင့် ဖားကန့်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် တာမခန်ကျေးရွာသို့ စစ်ကူလာသည့် အင်အား ၅၀ ဝန်းကျင်ခန့်ပါရှိသော စစ်ကောင်စီ၊ SNA ပူးပေါင်းစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေး (KIA) ပူးပေါင်းတပ်တို့ ယမန်နေ့ နံနက်က ကသိုဏ်းတောင်တာဝါတိုင်အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာမီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါစစ်ကောင်စီပူးပေါင်းအဖွဲ့က ယမန်နေ့က တာမခန်ကျေးရွာရှိ အရပ်သားအချို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ ၁၁၉) စခန်းကုန်းကို KIA ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေပြီး စစ်ရေးတင်းမာလျက်ရှိသည်။

သတင်း – Zami, Pe Ti

ပုံ – တာမခန်ကျေးရွာ မတ်လ ၃ ရက်နေ့က မီးရှို့ဖျက်ဆီးခံထားရသည့် မြင်ကွင်း (ဓါတ်ပုံ – ပေးပို့)

သင့်ထင်မြင်ချက်ရေးပေးပါ