မချမ်းဘော့စစ်ကောင်စီဗျူဟာသို့ငွေးပေးသွင်းကာ မလိခမြစ်အတွင်း ရွှေတူးဖော်နေသူများကို ရပ်ဆိုင်းခိုင်းလိုက်ပြီး ကောက်ခံထားသည့် ငွေတစ်ဝက်ခန့်ပင် ပြန်မပေးကြောင်း သိရသည်။

မြို့နယ်ပြည်သူ့ဆေးရုံအနောက်ဘက် မလိခမြစ်တွင် တစ်လရွှေတူးဖော်ခွင့်အတွက် ငွေကျပ်ငါးသိန်းကောက်ခံခဲ့သော်လည်း တစ်ပတ်ခန့်အကြာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က လုပ်ငန်းရပ်နားခိုင်းခဲ့ကာ ငွေတစ်သိန်းခွဲခန့်သာ ပြန်ပေးကြောင်း ရွှေတူးဖော်သူတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့ကကောက်တော့ကောက်တယ် ဒါပေမဲ့လည်းမတူးခိုင်းဘူး။ ကောက်ပြီးမှပိုက်ဆံကလည်းမအမ်းဘူး။ ငါးသိန်းကောက်ပြီးမှ တစ်သိန်းခွဲလောက်ပဲအမ်းတယ်။ တောင်းလို့မရဘူး။ တူးတာက တစ်ရက်ပဲတူးတဲ့ လူတွေရော၊ လေးရက်ပဲတူးတဲ့လူတွေရော။ လုံးဝကိုမတူးခိုင်းတာဟုတ်တယ်” ဟုဆိုသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဗျူဟာတပ်များက အဆိုပါလုပ်ကွက်အပြင် ပူတာအိုမြို့နှင့် မချမ်းဘော့မြို့ အနီးတစ်ဝိုက်တွင် ရွှေတူးဖော်နေသူများကိုလည်း လုပ်ငန်းဖျက်သိမ်းခိုင်းခဲ့ကြောင်း မြို့ခံပြည်သူတစ်ဦးက ပြောသည်။

“သတင်းတွေတက်လာလို့ဆိုပြီး အကုန်လုံးကို သိမ်းခိုင်းလိုက်တာ ရွှေတူးတဲ့သူတွေကို တကူးတကကြီး အစည်းဝေးခေါ်လုပ်ပြီး သိမ်းခိုင်းတာမဟုတ်ဘူး။ အကုန်လုံးကို မြန်မြန်သိမ်း မသိမ်းရင်အကုန်မီးရှို့မယ်ဆိုပြီး လုပ်ကြတာ။ နမ်ဆဘွမ်ဘက်က ဘက်ဟိုးနဲ့လုပ်တဲ့သူတွေလည်း အကုန်လုံးပဲ ပူတာအိုတစ်ခွင်အကုန်လုံးပဲ ဒီမြို့နဲ့ နီးနားဝန်းကျင်တွေကတော့ မရှိသလောက်ဖြစ်သွားပြီ” ဟုပြောသည်။

ပူတာအိုဗျူဟာနှင့် မချမ်းဘော့အခြေစိုက် ခ.လ.ရ ၁၃၇ တပ်တို့မှ တပ်တွင်းရုံးအဖွဲ့မှ စာရေးကြီးများကို ငွေကြေးပေးကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ မှစတင်ကာ မချမ်းဘော့မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မီးသတ်ရုံးနှင့် ဂူဘားရိပ်သာတို့၏ နောက်ကျောဘက် မလိခမြစ် တစ်ဖက်ကမ်းရှိ နောင်ခိုင်ကျေးရွာတွင် ရေငုတ်ဆိုင်း ၂၀ ကျော်ခန့် တူးဖော်ခဲ့ကြခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ်တို့တွင် ရွှေအလွန်အကျွံတူးဖော်မှုကြောင့် မြစ်၊ ချောင်းရေများ၏ ရေသည်ရွှံ့အရောင်သို့ ပြောင်းလဲသွားသည်။

တရားမဝင်ရွှေတူးဖော်မှုအများအပြားရှိသော်လည်း ၂၀၂၃ ခုနှစ်တွင် ဒေသတွင်းသတင်းဌာနများ၏ ထုတ်ဖော်ရေးသားမှုများကြောင့် ပြန်လည်ရပ်တန့်ခဲ့သည့်ဖြစ်စဉ်များ ကချင်ပြည်နယ်တွင် မကြာခဏဖြစ်ပေါ်ခဲ့သည်။

သတင်း – May , Thu Ta

ပုံ –  မလိခမြစ်အတွင်း ရွှေတူးဖော်နေသည်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရိုက်ကူးထားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ