မြောင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု ယမန်နေ့နံနက် ၃ နာရီခန့်က အလစ်ဝင်ရောက် စီးနင်းတိုက်ခိုက်ခံရသဖြင့် တပ်ဖွဲ့ဝင်သုံးဦးကျဆုံးခဲ့ကြောင်း သိရသည်။

ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တမဆေးကန်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေး တပ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ကင်းစောင့်နေသည့်ရဲဘော်များကို ပစ်သတ်သွားခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကင်းစောင့်နေတဲ့‌ရဲဘော်တွေကို ဝိုင်းပြီးတော့ တစ်ခါတည်း ပစ်သတ်သွားတာပေါ့နော်။ တစ်ဦးကတော့ လက်ကိုနောက်ပြန်ကြိုးတုတ်ပြီး ဖမ်းဆီးသွားတယ်လို့သတင်းရထားတယ်။ ဖမ်းဆီးသွားတဲ့တစ်ယာက်က ဘယ်အဖွဲ့ကလဲတော့မသိဘူး။ ကျွန်တော်တို့လည်း စုံစမ်းနေဆဲပေါ့” ဟုပြောသည်။

အလစ်ဝင်တိုက်ခံရသောကြောင့် ကျဆုံးခဲ့သည့် ရဲဘော်များမှာ ရဲဘော်ဒန်အိုး (ခ) နေဇော်အောင်၊ ရဲဘော်ဗြေလုံး (ခ) ဇော်ရတနာပိုင်ထွေးနှင့် ရဲဘော်ကြွက်ဖြူ (ခ) တင်မျိုးအောင်ဆိုသူတို့ဖြစ်ကြပြီး Myaung Special People Defence Force – MSPDF မှာတပ်ဖွဲ့ဝင်များဖြစ်ကြကြောင်း သိရသည်။

အင်အား ၆၀ ခန့်ပါရှိသည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းက ညအချိန်တွင်သာ လှုပ်ရှားလေ့ရှိပြီး အင်အားအလုံးအရင်းဖြင့် စခန်းများကို စီးနင်းလေ့ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ ကျောက်ရစ်စခန်းသို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျောက်ရစ်ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

သတင်း – Dureng

ပုံ –  Kyaw Swar Telegram

သင့်ထင်မြင်ချက်ရေးပေးပါ