ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ ၁၁၉) ကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ ယနေ့ နေ့လယ်ပိုင်းအထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

တာမခန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်းနှင့် စခန်းထဲတွင် စစ်ကောင်စီတပ်သားများကျန်ရှိနေသေးသောကြောင့် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“မနေ့ညက သိမ်းနိုင်ပြီဆိုတဲ့သတင်းမမှန်ပါဘူး။ မသိမ်းနိုင်သေးဘူး။ စကစ(စစ်ကောင်စီ)စခန်းအထဲမှာ ၁၀ ယောက် လောက်ရှိဦးမယ်ထင်တယ်။ အောက်ကတပ်သားတွေက မရဲတော့ဘူးပြေးကြစို့ အရှုံးပေးလိုက်ကြမယ်လို့ပြောတာကို သူတို့ဗိုလ်မှူးကမရဘူးဆိုပြီး အတင်းခေါ်ပစ်နေသေးလို့ သူတို့တွေအထဲမှာရှိနေသေးတယ်။ စခန်းကိုကျွန်တော်တို့မရသေးဘူး” ဟု ပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများလည်းရှိခဲ့သည်ဟု အမည်မဖော်လိုသူဒေသခံအမျိုးသားတစ်ဦးကဆက်ပြောသည်။
“စစ်တပ်ကုန်းကိုတော့မရသေးဘူး။ အခုချိန်ထိတိုက်နေကြတုန်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် အမြန်ပြီးတာတော့ ကောင်းပါတယ်။ နှစ်ဖက်ထိခိုက်မှုတွေလည်းများကြတယ်တဲ့။ တိုက်ပွဲကြောင့် ပြည်သူတွေလည်းထိခိုက်တာတွေ သေဆုံးတာတွေ နေအိမ်ဆုံးရှုံးတာတွေရှိနေတယ်။ အမြန်ပြီးစေချင်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှစတင်ကာ တာမခန့်ကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ ၁၁၉)နှင့် ရဲစခန်းကို KIA ပူးပေါင်းတပ်တို့သွားရောက်တိုက်ခိုက်ခဲ့ပြီး ၆ ရက်တာတိုက်သာတိုက်ပွဲတွင် လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ထက်မနည်းရှိခဲ့ကာ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
၆ ရက်တာတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်ပြီး The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
KIA ပူးပေါင်းတပ်က ဖားကန့်မြို့နယ်ရှိ ဝှေခါတပ်စခန်း၊ နန့်တိန်းတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိ တာမခန်ကျေးရွာရှိ (ခ.မ.ရ ၁၁၉) စခန်းကို ဆက်လက်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။
သတင်း – Zami
ပုံ – ဖားကန့်မြို့နယ် ရှေ့တန်းတစ်နေရာမှ KIA စစ်သည်များကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)
သင့်ထင်မြင်ချက်ရေးပေးပါ