ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ယမန်နေ့ ညနေ ၃နာရီခွဲအချိန်ခန့်က ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆိပ်မူကျေးရွာရပ်ကွက် (၂)၊ ဒီဇင်ဘာအထည်ဆိုင် အနီးရှိ နေအိမ်တစ်ခုတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်နေ အသက် (၂၇) နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ကျောက်တွေထားပြီးပြတဲ့ပွဲရုံအိမ်ပေါ် လက်နက်ကြီးက တည့်တည့်ကိုကျလာတာ ဟုတ်တယ်။ လူနာအခြေနေတော့ မသိရသေးဘူး သုံးယောက်လုံး ကားနဲ့ဆေးရုံကိုခေါ်သွားကြပြီ” ဟုပြောသည်။

ဖားကန့်မြို့ တာမခံကျေးရွာရှိ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲကြောင့် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ ဆက်တိုက်ပြုလုပ်နေကြောင်း ဆိပ်မူဒေသခံ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောသည်။

“လေယာဥ်က ညတိုင်းလိုလို လာဝဲနေတယ်။ အခုလည်းတိုက်ပွဲကပြန်ဖြစ်နေသေးတယ်။ စစ်ကြောင်းထိုးလာလို့ ဖြစ်တာလို့သိရတယ်။ဖားကန့်တပ်မကုန်းကလည်းပစ်ကူနေတာပေါ့။ ဆိပ်မူကျေးရွာဘက်က ကျောက်စိမ်းလုပ်ကွက်တွေကိုလည်း စစ်ကောင်စီကပေးမလုပ်ဘူး နားခိုင်းထားတယ်” ဟုသူကပြောသည်။

ဖားကန့်မြို့ မြို့မရပ်ကွက်ကျောက်ဝိုင်းအတွင်းရှိ အောင်ချမ်းသာတည်းခိုခန်းအနီးတွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က လက်နက်ကြီးပေါက်ကွဲမှုကြောင့် ပြည်သူတစ်ဦးပေါင်တွင်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။

“ဘယ်ဘက်ကပစ်တဲ့လက်နက်ကြီးကျည်လည်းမသိဘူး။ လေးထပ်တိုက်ပေါ်ကျခဲ့တာဟုတ်တယ်။ အပျက်အစီးရှိတယ်။ လောလောဆယ် အဲ့နားတစ်ဝိုက်ကလူတွေကို ရှောင်ခိုင်းထားတယ်” ဟုသူကပြောသည်။

တိုက်ပွဲကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ဖားကန့်ဗျူဟာကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် မော်ဝှမ်းသုဿန်အနီး တဲထိုးနေထိုင်သည့် အသက် ၆၅ နှစ်ခန့်အရွယ်ရှိ ဦးကျော်ထွန်းဆိုသူဖြစ်ပြီး ဝမ်းဗိုက်နှင့် ရင်ဘတ်တို့တွင် လက်နက်ကြီးစထိမှန် သေဆုံးခဲ့သည်။

ဖားကန့်မြို့နယ်၊ တာမခံကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစတင်ကာ KIA၊ KPDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာလျက်ရှိသည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ