နယ်သာလန်ဖိုက်တာ ရိုင်နီယာ ဒီရိုက်တာနှင့် ရုရှားဖိုက်တာ မာလီခင်တို့ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်အတွက် ယနေ့ည ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ယနေ့ည ထိုးသတ်သွားမည့် ပွဲစဉ်တွင် တွဲဆိုင်း ၁၀ တွဲပါဝင်ပြီး ဒီရိုက်တာနှင့် မာလီခင်တို့၏ ပွဲစဉ်မှာ နောက်ဆုံးတွဲဆိုင်းဖြစ်ပြီး မြန်မာစံတော်ချိန် ည ၁၁ နာရီခန့်တွင် ထိုးသတ်သွားဖွယ်ရှိနေသည်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဒီရိုက်တာက ယခုပွဲအတွက် တစ်နှစ်ခန့် နေ့စဉ်အပြင်းအထန်လေ့ကျင့်ထားကြောင်းပြောဆိုခဲ့ပြီး မာလီခင်ကလည်း အလဲထိုးအနိုင်ယူပြီး သုံးထပ်ကွမ်းချန်ပီယံဖြစ်အောင် လုပ်ပြသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုပြိုင်ပွဲအတွက် ဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်သည့် ရုရှားဖိုက်တာ မာလီခင်က ဒီရိုက်တာ၏ မစ်ဒယ်ဝိတ်ခါးပတ်ကို စိန်ခေါ်ခဲ့ခြင်းဖြစ်ပြီး အနိုင်ရရှိပါက One Championship သမိုင်းတွင် ပထမဦးဆုံးသော ဝိတ်တန်းသုံးခု ချန်ပီယံဖြစ်လာမည်ဖြစ်သည်။

အသက် ၃၆ နှစ်အရွယ် မာလီခင်က MMA သိုင်းပေါင်းစုံပြိုင်ပွဲ ၁၃ ပွဲ ထိုးသတ်ထားသူဖြစ်ပြီး ရှုံးပွဲမရှိ စံချိန်တင်ထားသူဖြစ်ကာ ဒီရိုက်တာ၏ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို ၂၀၂၂ ခုနှစ်က အလဲထိုးအနိုင်ယူထားသည်။

အသက် ၃၃ နှစ်အရွယ် နယ်သာလန်ဖိုက်တာလူမျိုး MMA ကစားသမား ရိုင်နီယာ ဒီရိုက်တာသည် One Championship တွင် ၂၀၁၉ ခုနှစ်မှ စတင်ဝင်ရောက်ထိုးသတ်ခဲ့ပြီး ၁၂ ပွဲအထိ ရှုံးပွဲမရှိစံချိန်တင်ထားခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလပွဲစဉ်တွင် မာလီခင်ကိုရှုံးနိမ့်ကာ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကိုစွန့်လွှတ်ခဲ့ရသည်။

ယနေ့ညထိုးသတ်မည့် ပွဲစဉ်တွင်အနိုင်ရရှိသူက မြန်မာ့ဂုဏ်ဆောင် အောင်လအင်ဆန်နှင့် မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်အတွက် ထိုးသတ်လာနိုင်ဖွယ်ရှိသောကြောင့် မြန်မာပရိတ်သတ်များစိတ်ဝင်စားမှုမြှင့်မားနေသော ပွဲစဉ်ဖြစ်သည်။

သတင်း – Dureng

ပုံ – One Championship

သင့်ထင်မြင်ချက်ရေးပေးပါ