မံစီမြို့နယ်၊ တမော်ကျေးရွာအုပ်စုရှိ စစ်ကောင်စီဗျူဟာကုန်းကို ယနေ့ နံနက် ၆ နာရီကျော်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် PDF ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

KIA တပ်မဟာ (၃) နယ်မြေရှိ စစ်ကောင်စီတပ်၏ မဂျီဂုံ (Maji gung) ဗျူဟာကုန်းကို တစ်လခန့် ဝန်းရံပိတ်ဆို့ထားပြီးနောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“အဲ့ဒီဗျူဟာကုန်းမှာ ဒီမနက်ကတည်းတိုက်ပွဲဖြစ်နေတာ ခုထိပစ်နေကြတုန်းပဲ။ PDF တွေလည်းပါတယ်၊ ဗျူဟာကုန်းကို ဝိုင်းထားတော့တာ တစ်လလောက်ရှိပြီ” ဟု ပြောသည်။

KIA ပူးပေါင်းတပ်တို့ ဝန်းရံပိတ်ဆို့ထားသည့် အဆိုပါ မဂျီဂုံဗျူဟာကုန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ရိက္ခာချပေးခဲ့ကြောင်း သိရသည်။

မဂျီဂုံဗျူဟာကုန်းသို့ ရိက္ခာပို့သည့် စစ်ကောင်စီယာဉ်တန်းကို KIA တပ်ဖွဲ့က နှစ်စဉ် မံစီမြို့နယ်၊ လိုင်ကာ-ဇွပ်ဂျာကျေးရွာတွင် မိုင်းဆွဲတိုက်ခိုက်သောကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း မဂျီဂုံဗျူဟာကုန်းသို့ ရိက္ခာသွားပို့သည့် အင်အား ၃၀၀ ခန့်ပါရှိသော စစ်ကောင်စီယာဉ်တန်းကို မံစီမြို့နယ်၊ လိုင်ကာ-ဇွပ်ဂျာကျေးရွာအနီး ကချင်လွတ်မြောက်ရေးတပ် (KIA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တစ်ပတ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ